Connect with us

Africa & Middle East

ဆီးရီးယား အပစ်အခတ်ရပ်စဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆီးရီးယားတပ်များ အလက်ပို မှ ဆုတ်ခွာ

တိုက်ပွဲများကြောင့် ပျက်စီးခဲ့ရသည့် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အလက်ပို၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဆီးရီးယားအစိုးရတပ်များ သည် စက်တင်ဘာ ၁၅ရက်က ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ရှိ မဟာဗျူဟာမြောက် Castello အဝေးပြေးလမ်းမကြီးပေါ်မှ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။

အကြီးစား စစ်သုံး ပစ္စည်းများ နှင့် စစ်တပ်ယာဉ်များ စတင်ဆုတ်ခွာနေပြီဖြစ်ပြီး အစိုးရတပ်များ တပ်စွဲထားသည့် နေရာများအား ရုရှား တပ်ဖွဲ့ထံသို့ အပြည့်အဝ လွှဲပြောင်းပြီးစီးမည့်ကာလအထိ ဆီးရီးယားအစိုးရတပ်သား အနည်းငယ်ကို ယင်းနေရာ၌ ထားရှိသွားမည်ဖြစ်ကြောင်း သတင်းရစ်မြစ်ကပြောသည်။လွန်ခဲ့သည့် နှစ်လ က သူပုန်များထံမှ ဆီးရီးယား အစိုးရတပ်ဖွဲ့က သိမ်းယူခဲ့သော အဝေးပြေးလမ်းမအား လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်၍ ဆီးရီးယားအာရပ်လခြမ်းနီ အဖွဲ့သည် အချို့နေရာများ၌ လုပ်ငန်းများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ကထောက်ပံ့ပေးထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာဉ်တန်းသည် ယင်းလမ်းကြောင်းမှ တစ်ဆင့် သူပုန်များသိမ်းပိုက်ထားသည့် ဧရိယာများအတွင်းသို့ စက်တင်ဘာ ၁၆ ရက်တွင် ဝင်ရောက်မည်ဟု ခန့်မှန်းထား၍ အစိုးရတပ်များသည် ပြန်လည်ဆုတ်ခွာမှုကို စက်တင်ဘာ ၁၅ရက်ညနေအထိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။လွန်ခဲ့သောရက်များ က ဆီးရီးယားသူပုန်များသည် Castello အဝေးပြေးလမ်းမကြီးအနီးရှိ ရုရှားတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။စက်တင်ဘာလ ၁၃ ရက်တွင် ရုရှားတပ်ဖွဲ့များက ယင်းလမ်းမပေါ်၌ စစ်ဆေးရေးဂိတ်များ ထားရှိခြင်း နှင့် စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။

ဆီးရီးယား အစိုးရတပ်သည် လွန်ခဲ့သည့်နှစ်လ က Castello အဝေးပြေးလမ်းမကြီးအား သိမ်းပိုက်နိုင်ခဲ့ရာ အလက်ပို အရှေ့ပိုင်း ရှိ သူပုန်များ၏ နောက်ဆုံး ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရသည်။ယင်းလုပ်ရပ်အား တုံ့ပြန်သည့်အနေဖြင့် သူပုန်တပ်ဖွဲ့ကလည်း သြဂုတ်တွင် အလက်ပိုအား အင်အားပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့ပြီး အစိုးရက ထိန်းချုပ်ထားသော အလက်ပို အနောက်ဘက်ဧရိယာ ၏ ထောက်ပံ့ရေးလမ်းကြောင်း ဖြစ်သည့် al-Ramouseh လမ်းမကြီးအား သိမ်းပိုက်နိုင်ခဲ့သော်လည်း များမကြာမီ အစိုးရတပ်ဖွဲ့များသည် သူပုန်များထံမှ အဆိုပါလမ်းမကြီးအား ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

စက်တင်ဘာ ၁၀ ရက်တွင် အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့သည် ဆီးရီးယားနိုင်ငံတစ်လျှောက် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် သဘောတူညီချက် စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။ယာယီအပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ခဲ့သည့်နေ့မှ စ၍ အဓိကအားဖြင့် အလက်ပိုတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ကျဆင်းခဲ့ကြောင်း သိရသည်။

အမေရိကန်-ရုရှား သဘောတူညီချက် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆီးရီးယားစစ်တပ်သည် သူပုန်များထိန်းချုပ်ထားသည့် အလက်ပိုအရှေ့ပိုင်းဒေသသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ ပေးဝေနိုင်ရန် al-Ramouseh အဝေးပြေးလမ်း မှ ဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။ သူပုန်တို့၏ အလက်ပိုအရှေ့ပိုင်းဒေသ သည် al-Ramouseh အဝေးပြေးလမ်း သိမ်းပိုက်ခံရသည့် အချိန်မှစ၍ အစိုးရတပ်၏ ဝန်းရံပိတ်ဆို့ခြင်းခံထားရကြောင်း သိရသည်။ (Xinhua)