Connect with us

Africa & Middle East

ဂျေရုစလင်အရေးတွင် ပါလက်စတိုင်း ဘက်က အပြည့်အဝ ထောက်ခံကြောင်း ဂျော်ဒန်ပြော

ဂျော်ဒန်နိုင်ငံ ဘုရင် အဗ္ဗဒူလာ ၂ (ယာ) နှင့် ပါလက်စတိုင်းနိုင်ငံသမ္မတ မာမွတ်အက်ဘာစ့် (ဝဲ) တို့ ဆွေးနွေးစဉ်(ဆင်ဟွာ)

အမ်မန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံ ဘုရင် အဗ္ဗဒူလာ ၂ (Abdullah II) က အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်ခြင်း နှင့်အတူ ပါလက်စတိုင်းတို့၏ လွတ်လပ်သော နိုင်ငံတည်ထောင်ခြင်းကို ဂျော်ဒန်နိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် Petra သတင်းဌာနက ဖော်ပြခဲ့သည်။

ဂျော်ဒန်နိုင်ငံ မြို့တော် အမ္မန်၌ ပါလက်စတိုင်း သမ္မတ မာမွတ် အက်ဘာစ့် နှင့်တွေ့ဆုံစဉ် ဘုရင်အဗ္ဗဒူလာက အထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ဘုရင်အဗ္ဗဒူလာက အမေရိကန်နိုင်ငံအနေဖြင့် ဂျေရုစလင်အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းမှာ နိုင်ငံတကာဥပဒေ နှင့် နိုင်ငံတကာ ဥပဒေကြောင်းအရ သဘောတူညီချက်များကို ချိုးဖောက်ရာရောက်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ဆောင်ကြဉ်းပေးရာတွင် အဓိကသော့ချက်ဖြစ်သော ဂျေရုစလင်တွင် နေထိုင်ကြသည့် မွတ်စလင်များ ၊ အာရပ်များ နှင့် ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ရန် အာရပ် ၊ အစ္စလာမ်မစ်နိုင်ငံများ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ရန် လိုအပ်ကြောင်း ၎င်းက မီးမောင်းထိုးပြောကြားခဲ့သည်။

ပါလက်စတိုင်းသမ္မတမာမွတ်အက်ဘာစ့်က အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် ကမ္ဘာကြီး နှင့် ဒေသတွင်းတည်ငြိမ်ရေး နှင့် လုံခြုံရေးအပါအဝင် အနာဂတ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခြိမ်းခြောက်မှုဖြင့် ကြုံတွေ့လာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ဂျေရုစလင်မြို့ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း နှင့် အစ္စရေးနိုင်ငံရှိ အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့မှ ဂျေရုစလင်မြို့သို့ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။(Xinhua)