Connect with us

Africa & Middle East

ဆီးရီးယားဘက်မှ တူရကီနယ်စပ်မြို့သို့ ဒုံးကျည်များဖြင့် ပစ်ခတ်သဖြင့် လူ၂ဦးသေဆုံး

ဆီးရီးယားဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် ပျက်စီးသွားသည့် ဗလီတစ်ခုအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့မှ တူရကီနိုင်ငံ ၏ နယ်စပ်မြို့ဖြစ်သော ကီလစ်မြို့သို့ ဇန်နဝါရီ ၂၄ရက်က ဒုံးကျည် ၂စင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် လူ ၂ဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Mehmet Tekinarslan က ပထမဆုံး ဒုံးကျည်သည် ဝတ်ပြုဆုတောင်းသူများရှိနေသော ဗလီတစ်ခုကို ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူအချို့မှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

ဒုတိယမြောက် ဒုံးကျည်သည် ဗလီနှင့် ၁၀၀မီတာ အကွာတွင်ရှိသော နေအိမ်တစ်လုံးကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူ၅ဦး မီးခိုးမွှန်သည့် ဝေဒနာများ ခံစားခဲ့ရကြောင်း ၎င်းကပြောကြားခဲ့သည်။

၎င်းက ဒဏ်ရာရရှိသူအားလုံးကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးထားကြောင်းပြောကြားခဲ့သည်။

ပြည်တွင်းသတင်းဋ္ဌာနတစ်ခု ၏ ဖော်ပြချက်အရ ပထမအကြိမ်တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် ၁၈း၁၀နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီးနောက် ၂၅မိနစ်အကြာ ဒုတိယမြောက်တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရသော ဗလီသည် တူရကီ-ဆီးရီးယား နယ်စပ်မှ ၆ကီလိုမီတာခန့်ကွာဝေးကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ အရေးပေါ်လူနာတင်ကားများ နှင့် အရေးပေါ်အဖွဲ့များကို စေလွှတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်နယ်မြေများတွင် ရှင်းလင်းရေးများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)