Connect with us

Africa & Middle East

အာဖဂန်နစ္စတန်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံး

ဗုံးပေါက်ကွဲမှု တစ်ခုတွင် သေဆုံးခဲ့သော အာဖဂန် ကလေးငယ် တစ်ဦး၏ ရုပ်အလောင်းအား ဆွေမျိုးများက သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

မက်ထားလမ်၊ အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ လက်ဂ်ဟမ်ပြည်နယ် အရှေ့ပိုင်း၌ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရက ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ပြောကြားလိုက်သည်။

“ဘတ်ပါ့ခ်ခရိုင် မူရူဝက်ကက်နယ်မြေမှာ ဖေဖော်ဝါရီလ ၁၉ ရက် ည ရး၃၀ နာရီက အမည်မသိ အမျိုးသားတစ်ဦး လက်ပစ်ဗုံး နှစ်လုံးကိုင်ပြီး နေအိမ် တစ်ခုအတွင်း ဝင်ရောက် ဖောက်ခွဲခဲ့တယ်၊ အဲဒီအိမ်မှာရှိတဲ့ မိသားစုဝင် ၁၀ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ၎င်းက သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ကြောင်း၊ ဒဏ်ရာရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းအား မသိရသေးသလို မည်သည့်အဖွဲ့ကမျှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေ။

တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။

ယင်းသို့ တိုက်ခိုက်မှုအား ပြည်နယ် အုပ်ချုပ်ရေးမှူး အဗ္ဗဒူလ် ဂျဘာနာဟီမီက ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူများအား အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုပေးရန်နှင့် တိုက်ခိုက်မှု၏ နောက်ကွယ်မှ တရားမျှတမှုအား ဖော်ဆောင်ရန် ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က အာဖဂန်နစ္စတန်နိုင်ငံတွင် ပဋိပက္ခနှင့် ဆက်စပ်သည့် မတော်တဆမှုကြောင့် သေဆုံးသူ ၃,၄၉၀ ဦး နှင့် ဒဏ်ရာရရှိသူ ၇,၉၂၀ ဦး ရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည့် စာရင်းဇယားများ အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.