Connect with us

Africa & Middle East

အီရန်နိုင်ငံမြောက်ပိုင်း ရထားတိုက်မှုဖြစ်စဉ်တွင် သေဆုံးသူ ၄၅ ဦးထိ ရှိ

အီရန် နိုင်ငံမြောက်ပိုင်း၌ ရထားတိုက်မှုဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တီဟီရန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံမြောက်ပိုင်း၌ နိုဝင်ဘာလ ၂၅ ရက်က ရထားမတော်တဆမှုဖြစ်စဉ်အတွင်း သေဆုံးသူဦးရေမှာ ၄၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံလခြမ်းနီအဖွဲ့က နိုဝင်ဘာလ ၂၆ ရက်တွင် ကြေညာခဲ့သည်။

Semnan ပြည်နယ် လခြမ်းနီအဖွဲ့၏ သက်သာချောင်ချိရေး နှင့် ကယ်ဆယ်ရေးအဖွဲ့ဒုတိယအကြီးအကဲ Ali Yahyaei ၏ ထုတ်ပြန်ချက်တွင် ဒဏ်ရာရသူဦးရေမှာ ၁ဝ၃ ဦး ရှိကြောင်း ဖြည့်စွက် ဖော်ပြထားသည်။

ဒဏ်ရာရသူအများစုမှာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှ ဆင်းသွားပြီးဖြစ်ကြောင်း Yahyaei ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နိုင်ငံပိုင် IRNA သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

အီရန်နိုင်ငံ Semnan ပြည်နယ် ၊ Semnan မြို့နှင့် Damghan မြို့နှစ်မြို့ကြားရှိ Haft-Khan ရထားဘူတာ၌ နိုဝင်ဘာလ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရထားနှစ်စင်း တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။

ရထားတိုက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ နှင့် ဒဏ်ရာရသူအများစုမှာ မီးလောင်ကျွမ်းခံရခြင်းကြောင့် ဖြစ်ကြောင်း သတင်းများက ဆိုသည်။

အဆိုပါ ရထားတိုက်မှုဖြစ်စဉ်ကြောင့် ရထားဝန်ထမ်းသုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း Semnan ပြည်နယ် အစိုးရရှေ့နေ Heidar Asiaei ၏ ပြောကြားချက်ကို ကိုးကား၍ Mehr သတင်းအေဂျင်စီက ဆိုသည်။

ရထားတိုက်မှုသည် လူပုဂ္ဂိုလ်ဆိုင်ရာ တာဝန်ဝတ္တရားပျက်ကွက်မှု အမှားကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း အီရန်နိုင်ငံအာဏာပိုင်များက ဆိုသည်။

စုံစမ်းစစ်ဆေးမှုများ နှင့် မေးမြန်းချက် ရလဒ်များကို နောက်ပိုင်းတွင် ထုတ်ဖော်ကြေညာပေးသွားမည်ဖြစ်ကြောင်း Asiaei က ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)