Connect with us

Asia

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄.၃သန်း နှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် မူးယစ်ဆေးဝါး များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမြောက်ပိုင်း တွင် ဇူလိုင် ၁ ရက် က ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ စိတ်ကြွရူးသွပ်ဆေးပြား နှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Chiang Rai မြို့ရှိ သစ်တော ဧရိယာ နှင့် စိုက်ပျိုးမြေများတွင် ဇွန်လ ၃၀ ရက်က ထိုင်းနိုင်ငံ စစ်သားများ ကင်းလှည့်စဉ် အစိမ်းရောင်အိတ် ၈၁လုံး အတွင်း ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၄.၃သန်း နှင့် အာနိသင်ပြင်းထန်သော စိတ်ငြိမ်ဆေး Ketamine ၈၁ ကီလိုဂရမ်ကို မြန်မာနိုင်ငံနယ်စပ်မှ ၁.၅ ကီလိုမီတာခန့် အကွာတွင်ဖမ်းဆီးရမိခဲ့ကြောင်း ရဲချုပ်က ဇူလိုင်၁ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် မည်သူတစ်ဦးတစ်ယောက်ကို မျှ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိကြောင်း နှင့် ယင်းမူးယစ်ဆေးဝါးများ အား နောက်ထပ်မှောင်ခိုဖြန့်ဖြူးနိုင်ရန် တောအုပ်အတွင်း လာရောက်ဖွက်ထားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။တောင်တန်းထူထပ်သည့် Chiang Rai မြို့ သည် လာအိုနိုင်ငံ နှင့် မြန်မာနိုင်ငံတို့ နှင့် နယ်နိမိတ်ချင်းထိစပ်နေကာ ရွှေတြိဂံဒေသ ကိုဖြစ်ပေါ်စေပြီး ယခင်က ကမ္ဘာ့ဘိန်းထုတ်လုပ်မှု ၏ ထက်ဝက်ခန့်မနည်း ထုတ်လုပ်ခဲ့ကြောင်းသိရသည်။ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးအများစုသည် တောင်ပိုင်းသို့ သွားရောက်ရန် မြောက်ပိုင်းလမ်းကြောင်းဖြစ်သည့် Chiang Rai မြို့ ကို ဖြတ်သန်းကြရကြောင်း သိရသည်။ (Xinhua)