Connect with us

Asia

ကျွဲရိုင်း ကုမ္ပဏီ အမွေဆက်ခံသူအား ဆန့်ကျင်မှု ထိုင်းတွင် ဖြစ်ပွား

ကျွဲရိုင်း (Red Bull) အားဖြည့်အချိုရည် ကုမ္ပဏီအား အမွေ ဆက်ဆံခံမည့်သူ Vorayuth Yoovidhya အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မေ ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ကျွဲရိုင်း (Red Bull) အားဖြည့် အချိုရည် ကုမ္ပဏီ၏ အမွေဆက်ခံသူ တရားခံပြေးအား ဆန့်ကျင်ရေး အွန်လိုင်း လှုပ်ရှားမှု တစ်ခုကို ပြည်သူများက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွဲရိုင်း (Red Bull) အားဖြည့်အချိုရည် ကုမ္ပဏီအား အမွေ ဆက်ခံမည့် Vorayuth Yoovidhya ကို ပြီးခဲ့သည့်လက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သော်လည်း ၎င်းအနေဖြင့် ဇိမ်ခံနေထိုင်မှုပုံစံဖြင့် နေထိုင်ခွင့်ရနေခြင်း၊ ထိုင်း ပြည်တွင်းနှင့် ပြည်ပသို့ လွတ်လပ်စွာ ခရီးသွားခွင့်ရနေခြင်းများ ဆက်လက် ခံစားခွင့်ရနေသည့်အတွက် ပြည်သူလူထုအနေဖြင့် ကျွဲရိုင်းများ ဝယ်ယူသောက်သုံးခြင်း မပြုလုပ်ရန် “Say no to Red Bull” လှုပ်ရှားမှုအား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Vorayuth သည် ၂၀၁၂ ခုနှစ်က ရဲအရာရှိ တစ်ဦးအား ၎င်း၏ Ferrari အမှတ်တံဆိပ်ပြိုင်ကားဖြင့်တိုက်မိကာ ဘန်ကောက်မြို့လယ်လမ်း တစ်လျှောက် မီတာ ရာပေါင်းများစွာအထိ တရွတ်တိုက်ဆွဲသွားခဲ့သည်ဟု စွပ်စွဲခံရသဖြင့် ၎င်းအား ဖမ်းဝရမ်းထုတ်ထားခြင်း ဖြစ်သည်။Red Bull အားဖြည့်အချိုရည် ကုမ္ပဏီကို ထက်ဝက်ပိုင်ဆိုင်ထားသူ အသက် ၃၂ နှစ်အရွယ် မျိုးရိုးစဉ်ဆက် ချမ်းသာသူ Vorayuth သည် အဆင်ခြင်မဲ့ မောင်းနှင်မှုကြောင့် လူသေစေခြင်း၊ အရှိန်လွန် မောင်းခြင်းနှင့် လူကို တိုက်ပြီး ထွက်ပြေးခြင်း စသည့် အမှုများနှင့် ရင်ဆိုင်နေရသူ ဖြစ်သည်။ သို့သော်လည်း ၎င်းသည် တရားရုံးသို့ လာရောက်ခြင်းမရှိဘဲ ဖျားနာနေသည်ဟူ၍သော်လည်းကောင်း အလုပ်ကိစ္စ ခရီးသွားနေရသည်ဟူ၍ လည်းကောင်း ၎င်း၏ ရှေ့နေမှတစ်ဆင့်သာ ပြောဆိုခဲ့သည်။

ယခုကဲ့သို့ စွပ်စွဲခံထားရသော်လည်း Vorayuth သည် နိုင်ငံပေါင်း ၉ နိုင်ငံကျော်သို့ ခရီးသွားလာခြင်း၊ Red Bull အသင်း နှင့်အတူ Grand Prix ပြိုင်ပွဲများ တက်ရောက်ခြင်းနှင့် ကမ်းခြေ အပန်းဖြေ အိမ်ရာများသို့ လည်ပတ်ခြင်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။တရားရုံးမှ ဆင့်ခေါ်စာ မရောက်မီ နှစ်ရက်အလို ဧပြီလ ၂၅ ရက်က ထိုင်းမှ စင်ကာပူသို့ ထွက်ခွာစဉ်အတွင်း ၎င်းကို နောက်ဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဧပြီလ ၂၇ ရက်တွင် စင်ကာပူ၌ ၎င်း၏ ကိုယ်ပိုင် ရဟတ်ယာဉ်အား ပစ်ထားခဲ့ကြောင်း၊ လက်ရှိတွင် ၎င်း နေထိုင်ရာအား မသိရှိရကြောင်း၊ ၎င်း၏ နိုင်ငံကူးလက်မှတ်ကို မေလ ၅ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ Vorayuth ၏ ဖခင်မှာ ထိုင်းနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦး ဖြစ်ကြောင်း ဖို့ဘ် မဂ္ဂဇင်းအရ သိရသည်။

Red Bull တံဆိပ်အား ပူးတွဲ တည်ထောင်ခဲ့သူ ၎င်း၏ အဘိုးမှာ ၂၀၁၂ ခုနှစ်တွင် သေဆုံးခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံကျော် ရှိသော ကြွယ်ဝချမ်းသာမှုများကို ချန်ထားရစ်ခဲ့သည်။ယခုလို လူသေဆုံးမှုကဲ့သို့ ဖမ်းဝရမ်းများကို ငါးနှစ်ကြာသည်အထိ မဖမ်းဆီးနိုင်ခြင်းနှင့် ပတ်သက်၍ မေးခွန်းများစွာ မေးစရာ ဖြစ်နေပြီး ငွေကြေးနှင့် သြဇာလွှမ်းမိုးမှုက နိုင်ငံ၏ တရားရေးစနစ်ကို အနိုင်ယူနေပြီလောဟု ဝေဖန်စရာ ဖြစ်နေကြောင်း သိရသည်။ (Xinhua)