Connect with us

Asia

ဘန်ကောက်မြို့တော် လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဟု ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီ ၃ ရက် ညပိုင်းက ရဲတပ်ဖွဲ့ဝင်အချို့ကင်းလှည့်နေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အစိုးရက အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် အစိုးရ ဆန့်ကျင်ရေး လမ်းပေါ်ဆန္ဒပြလှုပ်ရှားမှုများအား ထိန်းချုပ်သွားရန် ဘန်ကောက်မြို့၏ လုံခြုံရေးကို ပို၍ တင်းကြပ်စွာဆောင်ရွက်သွားမည်ဖြစ်ရာ လူ ၅ ဦးနှင့်အထက် စုဝေးခြင်းကို တားမြစ်ထားကြောင်း သိရသည်။

လက်ရှိ ဆန္ဒပြ လှုပ်ရှားမှုအရှိန်အဟုန် မြင့်တက်လာပါက လူမှုစနစ်ယိမ်းယိုင်နိုင်သောကြောင့် အစိုးရအနေဖြင့် ယခုလှုပ်ရှားမှုကို တရားမဝင်လူစုလူဝေးလုပ်ခြင်းအဖြစ် သတ်မှတ်လိုက်ကြောင်းနှင့် အခြေအနေကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်နှင့် တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် အရေးပေါ် နည်းလမ်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်၏ သတ်မှတ်ချက်များအရ အောက်တိုဘာ ၁၅ ရက် နံနက် ၄ နာရီမှစ၍ ဘန်ကောက်မြို့ ဒေသတွင် လူ ၅ ဦးနှင့်အထက် စုဝေးခြင်း ကို တားမြစ်ထားကြောင်းနှင့် သတ်မှတ်ထားသည့် ဧရိယာ မည်သည့်နေရာမဆို ဝင်ရောက်မှုကို ရဲတပ်ဖွဲ့ဝင်များက တားမြစ်ပိုင်ခွင့်ရှိကြောင်း သိရသည်။

ထို့အပြင် တုန်လှုပ်ခြောက်ခြားစေမည့် သို့မဟုတ် အဖြစ်မှန်ကို ပုံပြောင်းသည့် သတင်းတုသတင်းမှားနှင့် နိုင်ငံတော် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် သတင်းများ ဖြန့်ဝေခြင်းများကို တားမြစ်ထားကြောင်း သိရသည်။

အောက်တိုဘာ ၁၄ ရက်က ထိုင်းနိုင်ငံ ကျောင်းသားများအဓိက ဦးဆောင်သည့် အစိုးဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို ဘန်ကောက်မြို့ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင် အနီးတွင် ကျင်းပခဲ့ရာ လူပေါင်း ၁ သောင်းခန့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)