Connect with us

Asia

သီရိလင်္ကာ အတိုက်အခံ ကိုယ်စားလှယ်လောင်း သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိ

သီရိလင်္ကာ နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော Gotabaya Rajapaksa ကို တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်း Gotabaya Rajapaksa က အနိုင် ရရှိ သွားကြောင်း ရွေးကောက်ပွဲဆိုင်ရာ အကြီးအကဲ Mahinda Deshapriya က နိုဝင်ဘာ ၁၇ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်များအား ထုတ်ပြန်ပြီးနောက် ရွေးကောက်ပွဲဆိုင်ရာ အကြီးအကဲ Mahinda Deshapriya က မီဒီယာများအား ရှင်းလင်း ပြောကြားရာတွင် နိုဝင်ဘာ ၁၆ ရက်တွင် ပြီးဆုံးခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်း Gotabaya Rajapaksa က ၎င်း၏ ပြိုင်ဘက်များထက် မဲအရေအတွက် ပိုမို မြင့်မားသော ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Gotabaya Rajapaksa ကို ထောက်ခံ အားပေးသူများအား တွေ့ရစဉ်(ဆင်ဟွာ) 

သီရိလင်္ကာ Podujana Peramuna ပါတီမှ lotus bus သင်္ကေတဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော Gotabaya Rajapaksa က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သီရိလင်္ကာ နိုင်ငံ၏ သမ္မတ ဖြစ်လာတော့မည် ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ အကြီးအကဲ Mahinda Deshapriya က ပြောကြားခဲ့သည်။သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော Gotabaya Rajapaksa မှာ မဲအရေအတွက် ၆ ဒသမ ၉ သန်းကျော် သို့မဟုတ် ၅၂ ဒသမ ၂၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး အာဏာရ ပါတီမှ ၎င်း၏ ပြိုင်ဘက် Sajith Premadasa မှာ မဲအရေအတွက် ၅ ဒသမ ၅ သန်းကျော် သို့မဟုတ် ၄၁ ဒသမ ၉၉ ရာခိုင်နှုန်းဖြင့် ရှုံးနိမ့်သွားခဲ့ကြောင်း သိရသည်။အနိုင်ရရှိခဲ့သော Gotabaya Rajapaksa ၏ ပါတီမှ ထုတ်ပြန်သော ကြေညာချက်တွင် Rajapaksa သည် သမ္မတ အဖြစ် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် နိုင်ငံ၏ မြို့တော် ကိုလံဘိုမှ ၂၀၀ ကီလိုမီတာ အကွာခန့်တွင် ရှိသော Anuradhapura မြို့၌ ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်ကြောင်း ဖော်ပြထားသည်။(Xinhua)