Connect with us

Asia

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖိလစ်ပိုင်နိုင်ငံ၌ စတင်

ဖိလစ်ပိုင်နိုင်ငံ၌ နိုဝင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမြင်ကွင်းများ(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(Sea Games) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ဖိလစ်ပိုင်၌ကျင်းပခဲ့ပြီး အရှေ့တောင်အာရှဒေသတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုးကို ပြိုင်ပွဲအရပ်ရပ် ၅၃၀ ပွဲ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁ ခုနှစ် ၊ ၁၉၉၁ ခုနှစ် နှင့် ၂၀၀၅ ခုနှစ်များတွင် ဆီးဂိမ်းစ်(Sea Games) ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးဖြစ်ရာ ယခုတစ်ကြိမ်သည် ၄ ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။

အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ နှင့် တီမောလက်စတေ့ နိုင်ငံ(Timor-Leste)တို့မှ အားကစားသမားစုစုပေါင်း ၈,၇၅၀ ဉီးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မီထရို မနီလာမြို့ ၊ ဆူဗစ် ၊ နယူးကလပ်ခ် ၊အိန်ဂျလိစ် နှင့် အခြားမြို့ကြီးအချို့အပါအဝင် စုစုပေါင်း ကစားကွင်းနေရာ ၃၉ ခုတွင် လက်ခံကျင်းပသွားမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို ရုံးတွင်းအားကစားပြိုင်ကွင်းတစ်ခု၌ ပြုလုပ်ခဲ့ပြီး ဖိလစ်ပိုင်ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ကမာ္ဘ့ကျော်ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီပက်ကွီယို(Manny Pacquiao) က အသက် ၂၇ နှစ်အရွယ် AIBA ကမာ္ဘ့အမျိုးသမီးလက်ဝှေ့ချန်ပီယံ Nesthy Petecio နှင့်အတူ ဆီးဂိမ်းစ်ပြိုင်ပွဲ မီးတိုင်ကို ထွန်းညှိပေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက ဖွင့်ပွဲအခမ်းအနား တရားဝင် စတင်ကြောင်း ကြေညာပေးခဲ့သည်။ဖိလစ်ပိုင်ဆီးဂိမ်းစ်ကော်မတီ ဉက္ကဋ္ဌ Alan Peter Cayetano က အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရအောင် ကူညီပံ့ပိုးခဲ့သူအားလုံးကိုကျေးဇူးတင်ရှိကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

“ ပြိုင်ပွဲလက်ခံကျင်းပဖို့ ပြင်ဆင်ချိန် ၁၈ လနဲ့ ကျနော်တို့အပေါ် ယုံကြည်မှုပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ် ” ဟု ၎င်းက ဆိုသည်။ယခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ “ we win as one” ဖြစ်ပြီး အာဆီယံအသိုက်အဝန်း၏ စည်းလုံးမှု နှင့် ညီညွတ်မှုကို ဖော်ကျူးခြင်းဖြစ်ကြောင်း ၊ ပြိုင်ပွဲ၏ တရားဝင် လာဘ်ကောင် အရုပ်မှာ ဖိလစ်ပိုင်စကားလုံး “ pamilya” ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံအားလုံးကို ကိုယ်စားပြုသည့် “ မိသားစု” ဟူသော အဓိပ္ပါယ်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကစားနည်းအသစ် အနည်းဆုံး ၁၂ မျိုးကို ထည့်သွင်းထားကြောင်း ၊ အီလက်ထရောနစ် အားကစားပြိုင်ပွဲ(e-Sports) ၊ ကစ်ဘောက်ဆာ ၊ ကူရပ်စ်(Kurash) ၊ sambo ၊ ရေအောက်ဟောကီ ၊ floorball ၊ obstacle race sports ၊ 3×3 basketball စသည့်ကစားနည်းသစ်များ ပါဝင်လာကြောင်း သိရသည်။၂၉ ကြိမ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံက ဆုတံဆိပ်ပေါင်း ၂,၁၆၂ ခုဖြင့် နိုင်ငံအလိုက် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ဆုတံဆိပ်ပေါင်း ၉၁၈ ခုဖြင့် အဆင့် ၄ နေရာ ရရှိခဲ့သည်။ ယခုနှစ်ကျင်းပသော အကြိမ် ၃၀ မြောက် ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)