Connect with us

Asia

အိန္ဒိယသမုဒ္ဒရာ နိုင်ငံတကာ ပင်လယ်ရေကြောင်း ပို့ဆောင်ရေး၏အချက်အချာအဖြစ်သို့ လျှောက်လှမ်းနေသည့် သီရိလင်္ကာနိုင်ငံ၏ ဟမ်ဘန်တိုတာ ဆိပ်ကမ်း

သီရိလင်္ကာနိုင်ငံ၏ ဟမ်ဘန်တိုတာ(Hambantota)ဆိပ်ကမ်းမြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၏ တောင်ဘက်စွန်းတွင် ရှိသော  ဟမ်ဘန်တိုတာ(Hambantota)ဆိပ်ကမ်းသည် နိုင်ငံတကာ ပင်လယ်ရေကြောင်း ပို့ဆောင်ရေး အဓိကလမ်းကြောင်းနှင့် ပင်လယ်ရေမိုင် ၁၀ မိုင်ကွာဝေးရာ အာရှ၊ ဥရောပ၊  အာဖရိကရှိ ကုန်တင်သင်္ဘော အမြောက်အမြားက ထိုဆိပ်ကမ်းကို ဖြတ်သန်း သွားလာလေ့ရှိသည်။

ဟမ်ဘန်တိုတာဆိပ်ကမ်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် တရုတ်နှင့် သီရိလင်္ကာ နှစ်နိုင်ငံ ပူးပေါင်းလည်ပတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခု ရက်ပိုင်းများအတွင်း သတင်းထောက် ထန်လု ကိုလံဘိုမြို့တော်နှင့် ကီလိုမီတာ ၂၀၀ကျော်ကွာဝေးသည့် ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို သွားရောက် ကြည့်ရှုခဲ့ရာတွင် Hambantota International Port Group Company Ltd. (HIPG)၏ CEO ရန့်ရွှေ့က “ခင်ဗျားလာတာ အတော်ပဲ ၊ ကျွန်တော်တို့ရဲ့သင်္ဘောဆိပ်ကမ်းကပ်အလုပ်များတဲ့အချိန်လေးပဲ ”ဟု ရုံးခန်းမှ ၁၀၀ မီတာကျော်က ဆိပ်ကမ်းကုန်ပစ္စည်းစီရီချထားရာနေရာကို ညွှန်ပြရင်း ဝမ်းသာအားရပြောပါသည်။ 

ရန့်ရွှေ့၏ ရုံးခန်းမှ အဝေးသို့မျှော်ကြည့်လျှင် ဆိပ်ကမ်းသို့ ရှေ့ဆင့်နောက်ဆင့် ဆိုက်ရောက်လာသည့် မော်တော်ယာဉ်တင် သင်္ဘော(Ro-Ro ship) လေးစီး ကုန်ပစ္စည်းချပြီးသွားပြီး အချို့က ကုန်ပြန်တင်နေသည်။ ဆိပ်ကမ်းကုန်ပစ္စည်းထားရာနေရာတွင် သင်္ဘောချထားသော မော်တော်ယာဉ်များကို စနစ်တကျ တစ်စီးပြီးတစ်စီး မနီးမဝေးမှာ ဆိုက်ကပ်ထားသည့် VIKING DESTINY သင်္ဘောကြီးဆီသို့ မောင်းနှင်သွားသည်ကို တွေ့မြင်ရသည်။

“ VIKING DESTINYက အိန္ဒိယက လာတာ မော်တော်ယာဉ် ငယ် အစီး ၅၀၀၀ ကျော်လောက် တင်မယ်လို့ စီစဉ်ထားတယ် ။ သင်္ဘောဆိပ်ကမ်းက အချိန်မှန် ထွက်နိုင်ဖို့ ကျွန်တော်တို့က အသုတ် ၃ သုတ်ခွဲရတယ်။ တစ်သုတ်ကို ယာဉ်မောင်းဆရာ ၄၅ ဦးနဲ့ နေ့မအားညမနား လုပ်ရတယ် ။ ဒီလို အလုပ်များတဲ့အချိန်မှာဆိုရင် အနည်းဆုံး တစ်နာရီကို မော်တော်ယာဉ်အစီး ၁၂၀ လောက် အတင်အချ လုပ်ရတယ်” ဟု တာဝန်ကျ ဆိပ်ကမ်းစီမံအုပ်ချုပ်သူ ဟာဆာနာက သတင်းထောက် ထန်လုကို ပြောသည်။ 

Hambantota International Port Services Company (HIPS)၏ CEO လာဗန်ဒါ ဂျိုက်ရက်ဗာကာမာက ၂၀၁၈ ခုနှစ် ဟမ်ဘန်တိုတာ ဆိပ်ကမ်းတွင် ဆိုက်ကပ်သည့် သင်္ဘောအစီးရေသည် ၃၀၀ ခန့်ရှိပြီး တစ်နှစ်ပတ်လုံး၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုပမာဏသည်  တန်ချိန်ပေါင်း ၃ သိန်း ၅ သောင်းရှိကြောင်း ၊ ၂၀၁၉ ခုနှစ်တွင် သင်္ဘောအစီးရေ ၃၇၀ ထိ ရှိမည်ဟု ခန့်မှန်းရပြီး လက်ရှိတွင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်နိုင်မှု ပမာဏသည် တန်ချိန်ပေါင်း ၁၀ သိန်းကျော် ရှိပြီဖြစ်ကြောင်း  ၊ ဟမ်ဘန်တိုတာ ဆိပ်ကိမ်း၏ အရှိန်အဟုန်နှင့်တိုးတက်လာသည့် အဓိက အကြောင်းရင်းမှာ ခိုင်မာသည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွင် အခြေတည်ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ဟမ်ဘန်တိုတာ ဆိပ်ကမ်းသည် ကမ္ဘာ့အကြီး မော်တော်ယာဉ်တင် သင်္ဘော(Ro-Ro ship) အော်ပရေတာ တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံ K-Line  ကုမ္ပဏီနှင့် ဆိပ်ကမ်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ရာ ၎င်းမှာ သီရိလင်္ကာနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာ သင်္ဘောကုမ္ပဏီဖြင့် လက်မှတ်ရေးထိုးသည့် Ro-Ro Terminal Services Agreement ဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်တွင် ဟမ်ဘန်တိုတာ ဆိပ်ကမ်းသည် တောင်ကိုရီးယား  logistics ကုမ္ပဏီ  HYUNDAI GLOVIS  ၊နော်ဝေး Hoegh Autoliners ကုမ္ပဏီနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယနေ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းသည် ဘက်စုံသုံး ရေနက်ဆိပ်ကမ်းအဖြစ် ဖွံ့ဖြိုးလာပြီဖြစ်ရာ ကွန်တိန်နာ၊  bulk cargo ၊Ro-ro ၊ ခရီးသည်သယ်ယူပို့ဆောင်ရေး၊ ရေနံ ၊ bulk cargo terminal ၊  သဘာ၀ဓတ်ငွေ့နှင့် project cargoes စသည့် ဝန်ဆောင်မှုများ ပါဝင်ကြောင်း လာဗန်ဒါ ဂျိုက်ရက်ဗာကာမာက ဆိုသည်။“ကုမ္ပဏီလုပ်ငန်းတွေကလည်းဒါကို သိကြတယ် ၊ ဟမ်ဘန်တိုတာ ဆိပ်ကမ်းက မကြာမီ သီရိလင်္ကာရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို နှိုးကြွစေမယ့်နေရာဆိုတာကိုပေါ့ ။ ဒီ တစ်နှစ် နှစ်နှစ် အတွင်းမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်စတဲ့ နိုင်ငံများက ကိုယ်စားလှယ်တွေကလည်း ဟမ်ဘန်တိုတာကို လာလေ့လာကြတယ် ”ဟု ၎င်းက ဆိုသည်။ 

ဟမ်ဘန်တိုတာ ဆိပ်ကမ်းသည် ယင်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ဆောင်ရှေ့ရွက်ပြုလျက်ရှိရာ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာသောကြောင့် ဒေသခံပြည်သူများ၏ မျှော်လင့်ချက်တွေကို ဆောင်ကြဉ်းပေးလျက်ရှိသည်။

“ဟမ်ဘန်တိုတာ ဆိပ်ကမ်းက တံငါရွာလေးကနေ စက်မှုဇုန်အဖြစ်ပြောင်းလဲလာတာကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့တယ်။ အချို့ ဒေသခံတွေက ဆိပ်ကမ်းမှာအလုပ်ရလို့ လစဉ်ပုံမှန်ဝင်ငွေရှိနေတာကြောင့် စားဝတ်နေရေးကောင်းမွန်လာကြတယ်”ဟု ဒေသခံတစ်ဦးဖြစ်သည့် ရုနာဆန်နာက ဆိုသည်။ 

ဟမ်ဘန်တိုတာသည် မူလက သီရိလင်္ကာတွင် ဆင်းရဲနွမ်းပါးဆုံးဒေသ တစ်ခုဖြစ်ပြီး များသောအားဖြင့် သမားရိုးကျ ငါးဖမ်းခြင်း၊ရာသီအလိုက် လယ်ယာစိုက်ပျိုးခြင်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုလေ့ရှိကြောင်း ၊ ဆင်းရဲနွမ်းပါးမှုကြောင့် ဟမ်ဘန်တိုတာနေဒေသခံများက ဇာတိဌာနေကို စွန့်ခွာကာ မြို့ပြများသို့ သွားရောက်အလုပ်အကိုင် ရှာဖွေကြရကြောင်း ၊ ယခုအခါ ဇာတိသို့ ပြန်လာလုပ်ကိုင်စားသောက်သူများလာပြီဖြစ်ကြောင်း ရုနာဆန်ကနာက ပြောသည်။

ဟမ်ဘန်တိုတာ ဆိပ်ကမ်းတွင် လုံခြုံရေးစီမံခန့်ခွဲသူအဖြစ်လုပ်ကိုင်နေသည့် ကုမာလာက  လွန်ခဲ့သောလေးလကျော်က ကိုလံဘိုမြို့မှ အလုပ်ထွက်ခဲ့ပြီး Hambantota International Port Group Company Ltd. (HIPG)ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့သည်။ ကုမာလာက “အခု ကျွန်တော့်မှာ ဝင်ငွေကောင်းတဲ့ ခိုင်မာတဲ့အလုပ်တစ်ခုရှိတယ် ။ ကုမ္ပဏီကလည်း လုပ်ငန်းရပ်ပိုင်းဆိုင်ရာ မွမ်းမံသင်တန်းတွေ အမြဲပေးတယ်လေ။ ပြီးတော့ ပိုအဆင်ပြေတာက ကျွန်တော်မိသားစုနဲ့အမြဲအတူ နေလို့ရပြီ”ဟု ဆိုသည်။ 

ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် HIPG ကုမ္ပဏီက သက်ဆိုင်ရာဌာနများနှင့် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ထားပြီး ဆိပ်ကမ်းအနီးတဝိုက်ဒေသများရှိ လူငယ်လူရွယ်များကို လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်းတန်းများ ပေးလျက်ရှိကြောင်း သိရသည်။ 

HIPG ကုမ္ပဏီ HR မန်နေဂျာ   ဂျီဝမ်ပရိုမာဆာက ကုမ္ပဏီအနေဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၉၀၀ ခန့်ကို တိုက်ရိုက်ဖန်တီးပေးနိုင်ခဲ့သလို ဆက်စပ်လုပ်ငန်းများတွင် အလုပ်အကိုင် ၂၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း ဆိုသည်။

HIPSကုမ္ပဏီ  CEO လာဗန်ဒါ ဂျိုက်ရက်ဗာကာမာက “ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို ကုမ္ပဏီလုပ်ငန်း တွေ အများကြီး ဝင်ရောက်လာတာ ဒေသခံ လုပ်ငန်းရှင်တွေ၊ လူငယ်လူရွယ်တွေအတွက် အလွန်ကောင်းတဲ့ကိစ္စပါ ” ဟု ဆိုသည်။ ဟမ်ဘန်တိုတာ ဆိပ်ကမ်းက ဒေသအတွက် ပြောင်းလဲမှုတွေအများကြီး ဆောင်ကြဉ်းပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။ (Xinhua)