Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ကူးစက်မှုတွင် ဒေသခံအစိုးရအား စစ်တပ်မှ အကူညီပေးနိုင်ရန် အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နှာခေါင်းစည်းတပ်ဆင်ထားသော ယာဉ်ထိန်းရဲတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်မှုမြင့်တက်လာခြင်းကြောင့် လိုအပ်သော အစီအမံများဆောင်ရွက်နိုင်ရန် မတ် ၂၆ ရက်မှ ဧပြီ၄ ရက်အထိကို အများပြည်သူရုံးပိတ်ရက်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အတွင်းရေးမှူး Khander Anwarul Islam က မတ် ၂၃ ရက် နံနက်ပိုင်းတွင် ဒါကာမြို့တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်းက “ ဒေသခံအစိုးရအဖွဲ့အားလုံးကို အကူအညီပေးဖို့ စစ်တပ်က ဝင်ရောက်ဆောင်ရွက်ပေးမှာပါ။ ပြီးတော့ နိုင်ငံအတွင်းရှိ ရုံးတွေအားလုံးကို မတ် ၂၆ ရက်ကနေ ဧပြီ၄ ရက်အထိ ပိတ်ထားပါမယ် ” ဟု ဆိုသည်။

အဆိုပါရုံးပိတ်ရက်အစီအစဉ်ထဲတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ နှင့် ဆေးရုံများကဲ့သို့သော အရေးပေါ်ဌာနများပါဝင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ရုံးပိတ်ရက်အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သို့သော် သားငါးဟင်းသီးဟင်းရွက်ဈေးများကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူများအနေဖြင့် အရေးပေါ်ကိစ္စရပ်များ နှင့် နေ့စဉ်လိုအပ်ချက်ကိစ္စရပ်များမှအပ နေအိမ်ပြင်ပသို့ထွက်ခွာခြင်းမပြုကြရန် Khander က သတိပေးခဲ့သည်။ထို့ပြင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးထိတွေ့မှု မရှိအောင် ခပ်ခွာခွာ ပြောဆိုနေထိုင်သည့် အလေ့အကျင့်များ ပြုကျင့်ကြရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း နှင့် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်အနေဖြင့် လိုအပ်သော ညွှန်ကြားချက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။အထက်ပါဆုံးဖြတ်ချက်များသည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဖြစ်ပေါ်လာပြီးနောက် ရောဂါပိုးအား ပိုမိုထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အစိုးရယန္တရားအား ပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်၍ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံထားရသူ ၃၃ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)