Connect with us

Europe

ရုရှားနိုင်ငံမော်စကိုမြို့၌ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွင် ပါဝင်သူ ၆ဝဝ ကျော်အဖမ်းခံရ

ရုရှားနိုင်ငံ မော်စကိုမြို့ ၌ ဆန္ဒပြမှုတွင် ပါဝင်သူတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံမော်စကိုမြို့၌ ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးပြုလုပ်၍ ဆန္ဒပြမှုဖြင့် လူပေါင်း ၆ဝဝ ကျော်ကို သြဂုတ် ၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရုရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနကဆိုသည်။

“ မော်စကိုမြို့လယ်မှာ ခွင့်ပြုချက်မရှိဘဲ လူ ၁၅ဝဝ ကျော်လောက် စုဝေးဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်” ဟု ဝန်ကြီးဌာန၏ မော်စကိုဌာနခွဲက ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။သို့သော်ကြေညာချက်တွင် အသေးစိတ်အကြောင်းအရာများကို ထည့်သွင်းထားခြင်းမရှိပေ။
ဝန်ကြီးဌာန၏ အစောပိုင်းထုတ်ပြန်ချက်တစ်စောင်တွင် ဆန္ဒပြပွဲတွင် လူပေါင်း ၃၅ဝ ကျော်ပါဝင်ပြီး ယင်းတို့အနက် လူ ၃ဝ ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နှောင့်ယှက်သည့်အတွက် ထိန်းသိမ်းထားကြောင်း ဆိုခဲ့သည်။ဆန္ဒပြပွဲကို Libertarian ပါတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ရုရှားအာဏာပိုင်များက အတိုက်အခံကိုယ်စားလှယ်လောင်းများစွာကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ၊ ယင်းတို့မှာ စက်တင်ဘာ မြို့တော်ကောင်စီရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာ၌ လက်မှတ်အတုများ ခိုးထိုးခဲ့ကြသည်ဟု စွပ်စွဲခံထားရသူများဖြစ်ကြောင်း မော်စကိုမြို့အခြေစိုက် Sputnik သတင်းအေဂျင်စီ၏ဖော်ပြချက်အရ သိရသည်။

ဆန္ဒပြသူများက အာဏာပိုင်များခွင့်ပြုသည့်နေရာ၌ ဆန္ဒပြပွဲပြုလုပ်ရန်ငြင်းဆိုခဲ့ပြီး မော်စကိုမြို့လယ် လမ်းမများပေါ်တွင် ပြုလုပ်သော ဆန္ဒပြပွဲ၌ ပါဝင်ကြရန် ပြည်သူများအား လှုံ့ဆော်ခဲ့ကြောင်း Sputnik ကဆိုသည်။အတိုက်အခိုက်ကိုယ်စားလှယ်များစွာကို ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခဲ့ပြီးနောက် ပြီးခဲ့သော ဇူလိုင် ၂၇ ရက်တွင် လူထောင်ပေါင်းများစွာသည် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြမှုကြောင့် လူ တစ်ထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေးကော်မတီက ပြီးခဲ့သော ရက်သတ္တပတ်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြသူများ နှင့် ပါဝင်ခဲ့ကြသူများကို တရားစွဲဆိုမှုပြုလုပ်ထားကြောင်း သိရသည်။(Xinhua)