Connect with us

Europe

တူရကီနိုင်ငံ၏ အကြီးဆုံး လေယာဉ်စားသောက်ဆိုင်အား ဒေါ်လာ ၁.၄ သန်းဖြင့် ရောင်းချ

တူရကီနိုင်ငံတွင် ခရီးသည်တင် လေယာဉ်ဟောင်းတစ်စင်းကို စားသောက်ဆိုင်အဖြစ် အသွင်ပြောင်းထားသည်ကို ဩဂုတ် ၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

ခရီးသည်တင် လေယာဉ်ဟောင်းတစ်စင်းကို စားသောက်ဆိုင်အဖြစ် အသွင်ပြောင်းထားသည့် တူရကီနိုင်ငံ၏ အကြီးဆုံး လေယာဉ်စားသောက်ဆိုင်ကြီးကို တူရကီငွေကြေး လီရက်စ် ၁၀ သန်း (သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁.၄ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်ကြောင်း တူရကီ အိမ်ခြံမြေလုပ်ငန်းစုတစ်ခုက ဆင်ဟွာသတင်းဌာနသို့ ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

တူရကီလေကြောင်းလိုင်းပိုင် လေယာဉ်ကိုယ်ထည်၌ တူရကီနိုင်ငံတော်အလံ ထည့်သွင်း ရေးဆွဲထားသည့် A340 အဲဘတ်စ်အမျိုးအစား ခရီးသည်တင်လေယာဉ်ကြီးကို  ပျံသန်းမှု အနားပေးလိုက်ချိန် ၂၀၁၆ ခုနှစ်က အပိုင်း ၈ ပိုင်းခွဲထုတ် ပိုင်းဖြတ်ခဲ့ကြောင်း Huseyin Caliskan အိမ်ခြံမြေလုပ်ငန်းစုက ဆိုသည်။

အဆိုပါ ပိုင်းဖြတ်ထားသည့် လေယာဉ်အစိတ်အပိုင်းများကို နောက်ပိုင်းတွင် တူရကီနိုင်ငံ အနောက်မြောက်ပိုင်းရှိ Burhaniye ခရိုင်သို့ သယ်ယူသွားခဲ့ကြောင်း ၊ ယင်းနောက် အနည်းဆုံး ကုန်တင်ကား ၇ စီး စာ လူပေါင်း ၂၈၀ ဦးထိ ဝင်ဆံ့စားသောက်နိုင်သော လေယာဉ်စားသောက်ဆိုင်ကြီးအဖြစ် အသွင်ပြောင်းခဲ့ကြောင်း သိရသည်။

ထိုအချိန်မှစ၍ ယင်းလေယာဉ်စားသောက်ဆိုင်ကြီးသည် ဒေသ၏ အမှတ်သညာတစ်ခုဖြစ်လာကြောင်း ၊ မင်္ဂလာဧည့်ခံပွဲ ၊ ပါတီပွဲ နှင့် ညစာစားပွဲ ပေါင်းများစွာကို လက်ခံကျင်းပပေးခဲ့ကြောင်း သိရသည်။တူရကီ စွန့်ဦးတီထွင်လုပ်ငန်းစုတစ်ခုက ယင်းလေယာဉ်စားသောက်ဆိုင်လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်းရင်းနှီးမြှုပ်နှံခဲ့ကြောင်း ၊ မကြာသေးခင်က ကျန်းမာရေးဆိုင်ရာ ပြသနာအချို့ဖြစ်ပွားပြီးနောက် ယင်းလေယာဉ်စားသောက်ဆိုင်အား ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းစုက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)