Connect with us

Europe

အမေရိကန် နိုင်ငံက ကမ္ဘာတစ်လွှား ဒုံးကျည်များ ဖြန့်ကြက်ထားမှုအပေါ်  ရုရှား နိုင်ငံ က တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အမေရိကန် နိုင်ငံက ပစ်လွှတ်လိုက်သည့် ဒုံးကျည် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ကမ္ဘာ့နေရာ အနှံ့အပြားတွင် တာလတ် နှင့် တာတိုပစ် ဒုံးကျည်များ ဖြန့်ကြက်ထားမှုသည် ဒေသတွင်း နှင့် ကမ္ဘာ့လုံခြုံရေးအား ဆိုးရွားစွာ ထိခိုက်စေကြောင်း ၊  စစ်လက်နက် အပြိုင်တပ်ဆင်မှုအသစ်ကို ဖြစ်ပေါ်စေကြောင်း နှင့် ရုရှား နိုင်ငံအနေဖြင့် တုံ့ပြန်ဆောင်ရွက်မှုများကို ချက်ချင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန က သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် အမေရိကန် နိုင်ငံ အနေဖြင့် အာရှပစိဖိတ် ဒေသတွင် ဒုံးကျည်စနစ်များ နေရာများစွာ ဖြန့်ကြက်ထားမည်ကို  ပေါ်ပေါ်ထင်ထင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ၊  ဥရောပတိုက်တွင်လည်း ဖြန့်ကြက်ချထားရန် ဖြစ်နိုင်ဖွယ်ရှိသည်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံသည် ရုရှားနိုင်ငံနှင့်သဘောတူညီထားသော တာလတ် နှင့် တာဝေးပစ် နျူးကလီးယားလက်နက် သဘောတူညီချက်မှ ပြီးခဲ့သော နှစ်တွင် တစ်ဖက်သတ် နုတ်ထွက်သွားခဲ့ကြောင်း ၊ ယင်းမှာ ဆိုးရွားသည့် အမှားအယွင်း တစ်ခု ဖြစ်ပြီး ယင်းသဘောတူညီချက်သည် နျူးကလီးယားလက်နက် ထိန်းချုပ်ရေး နယ်ပယ်အတွက် အဟန့်အတား တစ်ခုအဖြစ် ပြုလုပ်ပေးနိုင်ကြောင်း ၊ လက်ရှိတွင် ဒုံးကျည်များ ဖြန့်ကြက်ချထားမှုနှင့် ပတ်သက်၍ ကန့်သတ်ချက်များမရှိတော့သဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် အဆက်မပြတ် ခြိမ်းခြောက်လာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် ထုတ်ပြန်ကြေညာချက် တွင် ရုရှား နိုင်ငံ အနေဖြင့် နိုင်ငံရေး နည်းလမ်း မှ တစ်ဆင့် အတူတကွ ဖြေရှင်းရေး နည်းလမ်းကို ရှာဖွေသွားရန်မှာ တစ်ခုတည်းသော သင့်လျော်သည့် ပုံစံဟုယူဆကြောင်း ၊ ယုံကြည်မှု ပြန်လည်ရရှိအောင် ဆောင်ရွက်ခြင်း ၊ နိုင်ငံတကာ လုံခြုံရေး နှင့် မဟာဗျူဟာတည်ငြိမ်မှုအပိုင်း တန်းတူညီမျှစွာ တိုးချဲ့ဆောင်ရွက်ခြင်း တွင် အပြုသဘောဆောင်သည့် တံခါးဖွင့်သော သဘောထား ရှိကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် အလေးထားပြီး တာဝန်ယူသည့် သဘောထားကို ဖော်ပြပေးစေလိုကြောင်း ပြောကြား ခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု နှင့် အမေရိကန် နိုင်ငံ တို့ သည် ၁၉၈၇ ခုနှစ်တွင် အလယ်အလတ် ၊ တာဝေးပစ် နျူကလီးယား လက်နက် သဘောတူစာချုပ် ကို လက်မှတ် ရေးထိုးခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် ကီလိုမီတာ ၅၀၀ မှ ၅,၅၀၀ အကွာ ဒုံးကျည် နှင့် ဒုံးကျည်ပစ်လွှတ်သည့် လက်နက်ကိရိယာများ ထိန်းချုပ်ခြင်း နှင့် ထုတ်လုပ်ခြင်း မပြုရန် သဘောတူညီခဲ့ကြကြောင်း သိသည်။ သို့သေ်ာ အမေရိကန် နိုင်ငံသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တွင် သဘောတူညီမှုမှ နုတ်ထွက်ရန် စီစဉ်ခဲ့ပြီး သြဂုတ်လ တွင် သဘောတူညီချက်မှ တရားဝင် နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။  (Xinhua)