Connect with us

Europe

ပထမဆုံး တရုတ်-ဘယ်လ်ဂျီယံ ကုန်တင်ရထား တရုတ်နိုင်ငံ မှ ဘယ်လ်ဂျီယံ သို့ ရောက်ရှိလာ

ဘယ်လ်ဂျီယံနိုင်ငံ အန့်ထ်ဝါ့ပ် ဆိပ်ကမ်းသို့ မေ ၁၂ရက်တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံ ထန်ရှန်းဆိပ်ကမ်းမှ ကုန်တင်ရထား အားတွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်စ်ဆဲလ်၊ မေ ၁၄ ရက် (ဆင်ဟွာ)

ပထမဆုံး တရုတ်-ဘယ်လ်ဂျီယံ ကုန်တင်ရထား သည် တရုတ်နိုင်ငံ ထန်ရှန်းဆိပ်ကမ်းမှ ထွက်ခွာလာပြီး ၁၆ရက်အကြာ၊ ခရီးကီလိုမီတာပေါင်း ၁၁,၀၀၀ ကို ဖြတ်ကျော်လာပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံ အန့်ထ်ဝါ့ပ် ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ကုန်တွဲပေါင်း ၄၁တွဲပါရှိသော အဆိုပါ ရထားသည် ထန်ရှန်း မှ ဧပြီ ၂၆ ရက်တွင် ထွက်ခွာလာပြီး အန့်ထ်ဝါ့ပ်မြို့ က မေ ၁၂ရက်တွင် တရားဝင်ကြိုဆိုခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ နှင့် ဘယ်လ်ဂျီယံနိုင်ငံ အကြား ဆက်သွယ်ထားသော တိုက်ရိုက် ရထားလမ်း သည် တရုတ်နိုင်ငံမှ အဆိုပြုသည့် ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ မြန်ဆန်သော လမ်းကြောင်းသစ်များ ဖွင့်လှစ်ခြင်းဖြင့် ယင်းအကောင်အထည်ဖော်မှုသည် တရုတ်-ဘယ်လ်ဂျီယံ ကုန်သွယ်မှု ဆက်သွယ်ရေးများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းပေါင်းများစွာကို ဖြစ်ပေါ်စေကြောင်း သိရသည်။

အန့်ထ်ဝါ့ပ်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ နိုင်ငံတကာကွန်ရက်များဆိုင်ရာ ညွှန်ကြားရေးမှူး Luc Arnouts က ယင်းတိုက်ရိုက် ရထားလမ်းချိတ်ဆက်မှုသည် အန့်ထ်ဝါ့ပ်ဆိပ်ကမ်း အား ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှုမြေပုံအတွင်း ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးကို ပိုမို ခိုင်မာလာစေကြောင်း၊ တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှုဆက်ဆံရေးတွင် အရေးပါသော မှတ်ကျောက်တိုင်တစ်ခုဖြစ်သည့် ယင်းစီမံကိန်းနှင့် ပတ်သက်၍ အချိန်ကြာမြင့်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံ နိုင်ငံ ရှိ တရုတ်သံရုံးမှ စီးပွားရေး အကြံပေးပုဂ္ဂိုလ် Guo Jianjun က အဓိကကမ္ဘာ့စီးပွားရေးနိုင်ငံများတွင် ကုန်သွယ်ရေးဆိုင်ရာခြိမ်းခြောက်မှုများ ပြင်းထန်လာနေသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် အဖွဲ့အစည်းအားလုံးအတွက် ယင်းစီမံကိန်းသည် လိုအပ်ကြောင်းပြောကြားခဲ့သည်။

၎င်းက ဥရောပတိုက်၏ ဒုတိယမြောက် အကြီးဆုံးဆိပ်ကမ်းဖြစ်သော အန့်ထ်ဝါ့ပ်ဆိပ်ကမ်းသည် တရုတ်-ဘယ်လ်ဂျီယံ ကုန်သွယ်မှုအတွင်း အထူးအရေးပါသော နေရာတွင်ရှိနေကြောင်း ပြောကြားခဲ့သည်။အဆိုပါ ရထားသည် ကာဇက်စတန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ပိုလန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ကို ဖြတ်ကျော်ပြီး နောက်ဆုံးမှတ်တိုင်ဖြစ်သည့် အန့်ထ်ဝါ့ပ် သို့ ရောက်လာပြီး တရုတ်နိုင်ငံ မှ အန့်ထ်ဝါ့ပ် သို့ ပထဆုံးတိုက်ရိုက်ရထားဝန်ဆောင်မှုဖြစ်ကြောင်းသိရသည်။ (Xinhua)