Connect with us

Europe

ပေါ်တူဂီနိုင်ငံ၌ COVID-19 ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းမလိုက်နာသူ ၇ ဦး အဖမ်းခံရ 

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့တွင် နှာခေါင်းစည်းတပ်၍ သွားလာနေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

ပေါ်တို ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

COVID-19 ကူးစက်မှုဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားရသည့် ပေါ်တူဂီနိုင်ငံ၌ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း မလိုက်နာသည့်ပြစ်မှုအတွက် လူ ၇ ဦးအား ပေါ်တူဂီလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း ပေါ်တူဂီအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက မတ် ၂၂ ရက်တွင် ပြောကြားလိုက်သည်။

အဖမ်းခံရသူများအနက် တစ်ဦးမှာ “ တာဝန်အရ မဖြစ်မနေ သူနေထိုင်ရမယ့် နေရာမှာမနေတဲ့ ပြစ်မှုကျူးလွန်ခဲ့တဲ့ COVID-19 လူနာ တစ်ယောက်ပေါ့ ၊ သူ့အတွက် ကန့်သတ်ထားတဲ့နေရာမှာ နေထိုင်ဖို့ ပျက်ကွက်မှုနဲ့ အရေးယူခံရတာပါ” ဟု ပေါ်တူဂီနိုင်ငံ ပြည်တွင်းစီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး Eduardo Cabrita က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

အဆိုပါ လူနာအား ပေါ်တူဂီနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ပေါ်တိုမြို့ပေါ်ရှိ လမ်းမထက်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ၊ ၎င်းသည် အမှန်စင်စစ် နေအိမ်တွင် စောင့်ကြပ်ကြည့်ရှုမှုလူနာအဖြစ် နေထိုင်ရမည့်သူဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။အခြားလူ ၆ ဦးမှာ “ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ညွှန်ကြားချက်ကို မလိုက်နာမှုနဲ့ အဖမ်းခံရတာဖြစ်ပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။နိုင်ငံတော်အရေးပေါ်အခြေအနေကြညာချက်အား လိုက်နာရန် ပျက်ကွက်သူများအနေဖြင့် အနည်းဆုံးထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ် သို့မဟုတ် ရက်ပေါင်း ၁၂၀ ထိ ပေးဆောင်ရမည့် တစ်ရက်ဝင်ငွေ ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်း ပေါ်တူဂီဥပဒေအရ သိရသည်။ တစ်ရက်တာဝင်ငွေြပစ်ဒဏ်သည် ပြစ်မှုကျူးလွန်သူ၏ တစ်ရက်ဝင်ငွေပမာဏပေါ်မူတည်၍ ထွက်ချက်ပေးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ပေါ်တူဂီနိုင်ငံသမ္မတ Marcelo Rebelo က COVID-19 ကူးစက်ပျံ့နှံ့မှုအားထိန်းချုပ်ရန်အတွက် မတ် ၁၈ ရက်တွင် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့သည်။ လက်ရှိတွင်ပေါ်တူဂီနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံထားရသူ ၁,၆၀၀ ရှိပြီး ၁၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)