Connect with us

Europe

ရုရှား နိုင်ငံ တပ်ဖွဲ့များ က ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အား လေကြောင်း နှင့် ရေကြောင်း ပူးပေါင်း၍ အကြီးစား တိုက်ခိုက်မှုများ ဆောင်ရွက်

ရုရှား နိုင်ငံ လေကြောင်း တပ်ဖွဲ့၏ Tupolev Tu-22M တာဝေး ဗုံးကျဲလေယာဉ် များ ဗုံးကျဲတိုက်ခိုက်နေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က ရုရှား နိုင်ငံ လေကြောင်း တပ်ဖွဲ့ သည် ရေကြောင်း တပ်ဖွဲ့ နှင့် ပူးပေါင်း၍ ဆီးရီးယား နိုင်ငံ Deir ez-Zor ပြည်နယ်အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အား အကြီးစား တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ IS စခန်း အမြောက်အများကို ချေမှုန်း နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၃ ရက်နေ့က ပြောကြား ခဲ့သည်။

Konashenkov က ထုတ်ပြန်ကြေညာချက်တွင် ရုရှား နိုင်ငံ လေကြောင်း တပ်ဖွဲ့အနေဖြင့် Tupolev Tu-22M တာဝေး ဗုံးကျဲလေယာဉ် ၆ စင်း အပြင် Su-24 နှင့် Su-34 ဗုံးကျဲ တိုက်လေယာဉ်များဖြင့် Deir ez-Zor ပြည်နယ် အရှေ့ပိုင်း Abu Kamal မြို့အတွင်းရှိ IS အစွန်းရောက် အဖွဲ့အစည်း အား ဗုံးကျဲ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ တစ်ချိန်တည်းတွင် မြေထဲပင်လယ် အတွင်း ရှိ ရုရှား နိုင်ငံ ရေယာဉ်စု မှ ရေငုပ်သင်္ဘော များမှလည်း IS အစွန်းရောက် တပ်စခန်းများ တည်ရှိရာ ပစ်မှတ်သို့ Kalibr ခရုဇ်ဒုံးကျည် ၆ ခု ဖြင့် တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် Konashenkov က မြေထဲပင်လယ် ဒေသ အတွင်း အခြေစိုက် ထားသည့် ရုရှား နိုင်ငံ တပ်စခန်း မှ တာဝေး ဗုံးကျဲလေယာဉ် များ နှင့် ရေငုပ်သင်္ဘော ၂ စင်း သည် အချိန် ၃ ရက် ဆက်တိုက် ဆီးရီးယား နိုင်ငံ အရှေ့ပိုင်းရှိ IS တပ်စခန်းများ ကို တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုကြောင့် IS အဖွဲ့အစည်း ၏ ညွှန်ကြားရေး စင်တာများ ၊ လက်နက် သိုလှောင်ရုံများ နှင့် အစွန်းရောက် အဖွဲ့ဝင် အများအပြား ကို ချေမှုန်း နိုင်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုများသည် ဆီးရီးယား နိုင်ငံ အစိုးရ ၏ နိုင်ငံ အရှေ့ဘက် မျက်နှာပြင် စစ်ဆင်ရေး အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က စက်တင်ဘာ လဆန်းပိုင်းတွင် Deir ez-Zor ပြည်နယ် မြို့တော် ကို သိမ်းပိုက် နိုင်ခဲ့ပြီးနောက်ပိုင်း တွင် တောင်ပိုင်းဒေသ များသို့ ဆက်လက်ချီတက် တိုက်ခိုက်ခဲ့ရာ လက်ရှိချိန်တွင် IS အစွန်းရောက် အဖွဲ့အစည်း ၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ နောက်ဆုံး တပ်စခန်းသို့ ရောက်ရှိ တော့မည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)