Connect with us

International Organizations

ကမ္ဘာ့ ကုလသမဂ္ဂ ထူထောင်သည့် နှစ် ၇၀ ပြည့်နှင့် အရှေ့တောင် အာရှ ဖွံ့ဖြိုး တိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ကုလသမဂ္ဂ နှစ် ၇၀ ပြည့်နှင့် အရှေ့တောင် အာရှ ဖွံ့ဖြိုး တိုးတက်မှု၏ ပါဝင် ပတ်သက်မှု အလုပ်ရုံ ဆွေးနွေးပွဲ (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ကုလသမဂ္ဂ ထူထောင်သည့် နှစ် ၇၀ ပြည့်နှင့် အရှေ့တောင် အာရှ ဖွံ့ဖြိုး တိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် စတင် ကျင်းပခဲ့ပြီး UN ၏ ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ တရုတ် – မြန်မာ နှစ်နိုင်ငံနှင့် နိုင်ငံတကာ ပညာရှင်များမှ ဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (MDRI) နှင့် တရုတ်နိုင်ငံ ယူနန် တက္ကသိုလ် မြန်မာဘာသာ လေ့လာရေး စင်တာတို့မှ ပူးပေါင်း ကျင်းပသည့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား သြဂုတ်လ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ကာ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား ၊ လာအို ၊ စင်ကာပူနှင့် ဂျာမနီ နိုင်ငံများမှ ပညာရှင်များ တက်ရောက် ဆွေးနွေးလျက် ရှိသည်။

ယူနန် တက္ကသိုလ်မှ ပါမောက္ခ လီချန့်ယန်( Li Chenyang) က “UN ဆိုတာ နိုင်ငံတကာ အဖွဲ့အစည်းတွေ အတွက် အလွန်ကို အရေးကြီးတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ် ပြီးနောက် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ် ။ အခုဆိုရင် UN ဟာ အပြောင်းအလဲ တွေကို စတင် နေပြီ ဖြစ်ပါတယ်။ UN ရဲ့ ပြုပြင် ပြောင်းလဲရေးကို တွေ့မြင် ရမှာပါ။ UNရဲ့ စနစ်တွေကို ဘယ်လို ပြုပြင် ပြောင်းလဲမလဲ။ UN ရဲ့ အပြောင်းအလဲ ဟာ အရှေ့တောင် အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံ အတွက်အခြေခံ ကျပြီး စိတ်ဝင်စားဖွယ် ကောင်းပါတယ်’’ ဟု ပြောသည်။

ကမ္ဘာ့ ကုလသမဂ္ဂ နှစ် ၇၀ ပြည့်နှင့် အရှေ့တောင် အာရှ ဖွံ့ဖြိုး တိုးတက်မှု၏ ပါဝင် ပတ်သက်မှု အလုပ်ရုံ ဆွေးနွေးပွဲ အပြီး အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဆင်ဟွာ)

ဒုတိယ ကမ္ဘာစစ်ကြောင့် တစ်ကမ္ဘာလုံးတွင် သန်းနှင့်ချီသည့် ပြည်သူများ သေဆုံး ပျက်စီးခဲ့ကြသည့် အတွက် အနာဂတ် မျိုးဆက်သစ်များ အနေဖြင့် စစ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများအား မခံစားရစေဖို့ အတွက် နိုင်ငံပေါင်း ၅၀ မှ ကုလသမဂ္ဂ ပဋိဉာဉ် စာတမ်းအား ၁၉၄၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ ကုလသမဂ္ဂနေ့ အဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့ကို သတ်မှတ်ခဲ့ပြီး နှစ်စဉ် အောက်တိုဘာလ ၂၄ ရက်နေ့ တွင် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အငြိမ်းစား ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက “ UN ရဲ့လုပ်ငန်းစဉ်တွေက တိုးတက်မှုတွေ ရှိခဲ့ပေမယ့် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့တော့ လိုအပ် နေပါသေးတယ်။ UN အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ တုန်းက လုပ်ခဲ့တဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး၊ မျက်မှောက် ခေတ်မှာ နိုင်ငံတွေရဲ့ ပြောင်းလဲမှုများ ကိုလည်း UN အနေနဲ့ လက်ခံပြီး ပြုပြင် ပြောင်းလဲမှုတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်’’ ဟု ပြောသည်။

UN အနေဖြင့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သည့်အခါ တရားမျှတမှု ရှိဖို့ မျက်မှောက်ခေတ်၏ တိုင်းပြည်များ၏ အခြေအနေကို လက်ခံရေး ဆိုင်ရာ ကိစ္စရပ်များကို ယနေ့ ဆွေးနွေးပွဲတွင် ပညာရှင်တချို့မှ ဆွေးနွေးခဲ့ ကြသည်။

ကမ္ဘောဒီးယား နိုင်ငံတကာ ဆက်ဆံရေး အဖွဲ့ (IRIC) အမြဲတမ်း အတွင်းဝန် Mr. Yang Peou က “UN ရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ ကျွန်တော့် အနေနဲ့ လုံခြုံရေး ကောင်စီ ပြုပြင် ပြောင်းလဲမှု၊ လူ့အခွင့်ရေး စနစ်များ၊ ဒေသတွင်း လူကုန်ကူးမှု ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ပညာသင်တွေ စေလွှတ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်’’ ဟု ပြောသည်။

UN အနေဖြင့် နှစ်ပေါင်း ၇၀ အတွင်း အောင်မြင်မှုများ ရရှိခဲ့သလို ပြုပြင် ပြောင်းလဲရေး အနေဖြင့်လည်း ဘက်စုံ ပြုလုပ်ရန် လိုအပ်ကြောင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးနေရာကိုလည်း လုံခြုံရေး ကောင်စီမှ ရွေးချယ်သည့် အတွက် ယင်းအချက်သည် စနစ်တစ်ခု၏ အားနည်းချက် ဖြစ်ကြောင်း၊ ဖွံံ့ဖြိုးဆဲ နိုင်ငံများ၏ အခန်းကဏ္ဍ ပါဝင်နိုင်မှု နည်းခြင်းအပေါ် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ အားမလိုအားမရ ဖြစ်ရကြောင်း သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးသန်းဆွေက အဆိုပါ ပွဲတွင် ဆွေးနွေးခဲ့သည်။

ကုလသမဂ္ဂ (United Nations) သည် လာမည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နှစ် ၇၀ ပြည့်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)