Connect with us

Latin America

တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးအခွန်တိုးမြှင့်ကောက်ခံမှုများကို ရပ်ဆိုင်းရန် သဘောတူညီမှုရရှိ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြဿနာနှင့် စပ်လျဉ်း၍ သဘောတူညီမှုများ ရရှိခဲ့ကြောင်း တရုတ်ကုန်သွယ်ရေးအဖွဲ့၏သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

ယခုကာလအတွင်း နှစ်နိုင်ငံကုန်သွယ်ရေးအဖွဲ့၏ အပြုသဘောဆောင်သည့် ထိရောက်သည့် တွေ့ဆုံဆွေးနွေးမှုများအတွက် အားရကျေနပ်မိကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့သည်။ တည်ငြိမ်ကောင်းမွန်သည့် တရုတ်-အမေရိကန် ကုန်သွယ်မှုဆက်ဆံရေးသည် နှစ်နိုင်ငံသာမက တစ်ကမ္ဘာလုံး၏အကျိုးစီးပွားနှင့် ကိုက်ညီမှု ရှိကြောင်း၊ အခွန်တိုးမြှင့်ကောက်ခံခြင်း စသည့် ကုန်သွယ်ရေးကန့်သတ်ချက်များကို ရပ်ဆိုင်းမည်ဖြစ်ပြီး လက်ရှိစည်းကြပ်ထားသည့် အခွန်နှုန်း ထားများကို ထပ်မံတိုးမြင့်တော့မည်မဟုတ်သလို အခြား ကုန်ပစ္စည်းများကို အခွန်စည်းကြပ်မှုများ မပြုလုပ်ရန် နှစ်ဖက်သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အပြန်အလှန်လေးစားမှု ၊ တန်းတူညီမျှအကျိုးဖြစ်ထွန်းမှုကို လက်ကိုင်ထားပြီး နှစ်နိုင်ငံအလေးထား သည့် အရေးကိစ္စများ ဖြေရှင်းသွားရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်စနစ်ကို ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ၊ ထိုသို့ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံအလေးထားသည့် ကုန်သွယ်ရေး ပြဿနာအချို့ ကို ဖြေရှင်းသွားနိုင်မည်ဖြစ်သလို အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ အလေးထားသည့် ကုန်သွယ်ရေး ပြဿနာများကို တက်ကြွစွာဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေရန်၊ ကုန်သွယ်မှုဆက်ဆံရေး အမြန်ဆုံးပုံမှန်ဖြစ်လာစေရန်၊ ယခုနှစ် အတွင်း တိုးမြှင့်ထားသည့်အခွန်များကို ဖျက်သိမ်းသွားရန် ကုန်သွယ်ရေးအဖွဲ့များအကြား တွေ့ဆုံ ဆွေးနွေးမှုများအနီးကပ်ပြုလုပ်သွားရန် နှစ်နိုင်ငံ ခေါင်းဆောင်များက ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)