Connect with us

Latin America

ဂွာတီမာလာနိုင်ငံ အန်တီဂွာမြို့တွင် ပြင်းအား ၆.၈ အင်အားရှိသော ငလျင် လှုပ်ခတ်

ဂွာတီမာလာ စီးတီး၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ဂွာတီမာလာနိုင်ငံ အန်တီဂွာမြို့တွင် ဇွန်လ ၂၂ ရက် အစောပိုင်းက ပြင်းအား ၆.၈ အင်အားရှိသော ငလျင် တစ်ခု လှုပ်ခတ်မှုကြောင့် ခရီးသွား ဧည့်သည်များ လာရောက်လေ့ရှိသော နိုင်ငံ၏ အထင်ကရ အဆောက်အဦများ ပျက်စီးခဲ့ရကြောင်း ဒေသခံ မီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၆း၃၁ နာရီ၌ ပစိဖိတ် ကမ်းရိုးတန်းမြို့ Puerto San Jose မြို့၏ အနောက်တောင်ဘက် ၃၈ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မက္ကဆီကိုနိုင်ငံ တောင်ပိုင်းနှင့် အိမ်နီးချင်း အယ်လ် ဆယ်လ်ဗာဒိုနိုင်ငံတို့ပါ သိရှိခံစားခဲ့ရကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်း (USGS) အရ သိရသည်။

ငလျင်၏ ဗဟိုချက် မဟုတ်သော်လည်း ဂွာတီမာလာ တောင်-အလယ်ပိုင်းရှိ အန်တီဂွာမြို့ရှိ ကိုလိုနီခေတ် သမိုင်းဝင် အဆောက်အဦများမှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားကြောင်း၊ အချို့မှာ ပြိုကျ ပျက်စီးသွားခဲ့ကြောင်း Prensa Libre နေ့စဉ် သတင်းအရ သိရသည်။

ဂွာတီမာလာ ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

“အင်အားပြင်း ငလျင်ဒဏ်ကို နိုင်ငံအတွင်းရှိ နေရာ အတော်များများ၌ ခံစားခဲ့ရတယ်၊ အဓိကအားဖြင့် အန်တီဂွာမှာရှိတဲ့ ကိုလိုနီခေတ် သမိုင်းဝင် အဆောက်အဦတွေ အက်ကွဲကြောင်းပေါ်သွားတာရှိသလို အဆောက်အဦ နဖူးစည်းများ ပြိုကျခဲ့ရတယ်” ဟု နေ့စဉ် သတင်းစာက ဆိုသည်။

သေဆုံးသူ မရှိကြောင်း သတင်းများက ဆိုထားသော်လည်း ဒဏ်ရာရသူ လေးဦး ရှိကြောင်း အစိုးရ ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.