Connect with us

Latin America

G20 ဆွေးနွေးပွဲကို ဂုဏ်ပြု၍ တရုတ်နိုင်ငံအား အကြီးအကျယ်ဆုံးလက်တွဲဖော်ဟု အာဂျင်တီးနားသံအမတ်ပြော

တရုတ်နိုင်ငံဆိုင်ရာ အာဂျင်တီးနားသံအမတ်ကြီး Diego Guelar အားတွေ့ရစဉ်(ဆင်ဟွာ)

ဗြူနိုအဲရစ် ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဆိုင်ရာ အာဂျင်တီးနားသံအမတ်ကြီး ဒီယေဂိုဂူလာ(Diego Guelar)က တရုတ်နိုင်ငံအား အာဂျင်တီးနား၏ အကြီးအကျယ်ဆုံးလက်တွဲဖော်ဟု သြဂုတ်လ ၃၁ ရက်တွင် ချီးကျူးစကားဆိုလိုက်သည်။

တရုတ်နိုင်ငံသည် “ ကမ္ဘာ့အကြီးဆုံး အင်ဂျင်စက်ကြီးပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများစွာရဲ့ အဓိက ကုန်သွယ်ရေး မိတ်ဖက် လက်တွဲဖော်နိုင်ငံဖြစ်လာပါတယ်။ ဒါဟာ ကမ္ဘာ ရဲ့ ထူးခြားဖြစ်စဉ်ကြီးပေါ့” ဟု အာဂျင်တီးနားသံအမတ်က ဆိုသည်။
အာဂျင်တီးနားနိုင်ငံ၏ E1 Mundo ရေဒီယိုနှင့်ပြုလုပ်သော ဆက်သွယ်မေးမြန်းမှုတွင် ဒီယေဂိုက “ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO) နဲ့ထိတွေ့ဆက်ဆံမှုရှိခဲ့ပါတယ်။ ဈေးကွက်စီးပွားရေးကို ထည့်သွင်းစဉ်းစားရမှာပေါ့ ” ဟု ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိက ကဏ္ဍသည် အဓိက ဖြစ်နေရာ တိုင်းပြည်ထုတ်ကုန် GDP ၏ ၆ဝ ရာခိုင်နှုန်းထိ လည်ပတ်နေကြောင်း ဆိုသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဟန်ကျိုးမြို့၌ စက်တင်ဘာလ ၄ ရက် မှ ၅ ရက်ထိ ကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲသည် အလွန်အရေးကြီးကြောင်း ၊ ၎င်းဆွေးနွေးပွဲသည် ကမ္ဘာ့GDP ၏ ၈၅ ရာခိုင်နှုန်း နှင့် ကမ္ဘာ့လူဦးရေ ၆၅ ရာခိုင်နှုန်းကို ကိုယ်စားပြုမည့် နိုင်ငံများမှ တက်ရောက်ရန် ရှိနေကြောင်း ဂူလာက ဆက်ပြောသည်။
အာဂျင်တီးနားနိုင်ငံသမ္မတ Mauricio Macri သည် ၂ဝ၁၇ ခုနှစ် မတ်လ (သို့မဟုတ်) ဧပြီလ အတွင်း တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ရန် စီစဉ်ထားကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။
ပြီးခဲ့သော ရက်သတ္တပတ်က ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် Macri က G20 ဆွေးနွေးပွဲသည် တရုတ်နှင့်အာဂျင်တီးနားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးအခွင့်အလမ်းများကို ဖန်တီးပေးနိုင်ကြောင်း ၊ တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံအတွက် အလွန်ကြီးမားအရေးပါပြီး လိုက်လျောညီထွေရှိသော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ နှစ်နိုင်ငံသည် အစားအစာလုံခြုံမှု ၊ စွမ်းအင် နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတွင် စွမ်းဆောင်ရည်မြင့် မိတ်ဖက်နိုင်ငံများအဖြစ် ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း Macri က ဆက်ပြောသည်။
“ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပေးနေတဲ့ တရုတ်ကုမ္ပဏီတွေကို ကျွန်တော်တို့ အမှန်တကယ်တန်ဖိုးထားပါတယ်။ ကျွန်တော်တို့ရဲ့ အစားအစာထုတ်လုပ်မှုတန်ဖိုးဟာ နှစ်နိုင်ငံပို့ကုန် မျှခြေဖြစ်အောင် တွန်းပို့ပေးနိုင်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ အဲဒါဟာ လာမယ့် နှစ်အနည်းငယ်မှာ လုပ်ဆောင်ဖို့ချမှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါပဲ”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.