Connect with us

North America

မက္ကဆီကို၌ သတင်းသမား တိုက်ခိုက်ခံရမှု ၉ဝ ရာခိုင်နှုန်းမှာ အရေးယူအပြစ်ပေးခံရခြင်း မရှိကြောင်း သိရ

မက္ကဆီကို နိုင်ငံ၌ သတင်းသမားများအား အကာအကွယ်ပေးရန် တောင်းဆိုဆန္ဒပြနေစဉ်(ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကို ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ၌ သတင်းသမားများ တိုက်ခိုက်ခံရမှု နှင့် အသတ်ခံရမှုများတွင် ၉ဝ ရာခိုင်နှုန်းမှာ အရေးယူအပြစ်ပေးခံရခြင်းမရှိကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်(CNDH) က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

တင်းသမားများ အသတ်ခံရမှု ၊ ပျောက်ဆုံးမှု နှင့် တိုက်ခိုက်ခံရမှု ၁၇၆ မှုတွင် ၁ဝ ရာခိုင်နှုန်းမျှသာ တရားစွဲဆိုနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ ယုကက်တန် ( Yucatan) ပြည်နယ်၌ ပြုလုပ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ညီလာခံတွင် နိုင်ငံအတွင်း သတင်းသမားများအနေဖြင့် ကိုယ်ပိုင်စိစစ်ရေး(self-censorship) အပါအဝင် သတင်းလွတ်လပ်ခွင့်ကို ဆန့်ကျင်ခံနေရပြီး အများစုမှာ မိမိနေရပ်ကို စွန့်ခွာရခြင်း (သို့မဟုတ်) နိုင်ငံအတွင်းမှ ထွက်ခွာခဲ့ရခြင်း များ ရှိနေကြောင်း ပြည်သူ့အာဏာပိုင်များအား စွပ်စွဲတိုင်တန်းချက် စုံစမ်းစစ်ဆေးရေးအရာရှိ Luis Raul Gonzalez က ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံတွင် သတင်းသမားများတိုက်ခိုက်ခံရမှုသည် နှစ်စဉ်တိုးပွားလျက်ရှိနေပြီး ၂ဝဝဝ ပြည့်နှစ်တွင်သတင်းသမားအသတ်ခံရမှု မှာ ၄ မှုသာရှိခဲ့ရာမှ ၂ဝ၁၆ ခုနှစ်တွင် ၁၃ မှု နှင့် ၂ဝ၁၇ ခုနှစ် လက်ရှိအချိန်ထိ ၁ဝ မှု ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် သတင်းသမားများတိုက်ခိုက်ခံရမှု အတွက် CNDH သို့တိုင်ကြားခဲ့သော အမှုပေါင်းမှာ ၂ဝ၁၄ ခုနှစ်မှ စတင်ပါက ၃၅၁ မှုထိ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မက္ကဆီကို အစိုးရအနေဖြင့် နိုင်ငံအတွင်း သတင်းသမားများ သတ်ဖြတ်ခံရနေခြင်းမှ ကာကွယ်ရန် ယခုနှစ်အတွင်း သတင်းသမားကာကွယ်ရေးယန္တရား တစ်ခုကို တိုးမြှင့်လုပ်ဆောင်သွားရန် ကတိပြုထားကြောင်း သိရသည်။(Xinhua)