Connect with us

North America

အမေရိကန် စာသင်ကျောင်းတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားရာ ၁ ဦးသေ ၊ ၇ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ ဒန်ဗာမြို့ အနီးရှိ STEM အစိုးရအထောက်ပံ့ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်းဂျလိစ် ၊ မေ ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့အနီးရှိ အစိုးရအထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသော STEM ချာတာကျောင်းတစ်ခုတွင် မေ ၇ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးပြီး အခြားကျောင်းသား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

“ ဒါဟာသိပ်ကို ဝမ်းနည်းကြေကွဲဖို့ကောင်းပါတယ်။ ဒီနေ့ဖြစ်ပွားခဲ့တဲ့ STEM ကျောင်းက ပစ်ခတ်မှုမှာ ကျောင်းသား တစ်ယောက်သေဆုံးသွားပါတယ်။ သေဆုံးသူရဲ့ မိသားစုကို ချက်ချင်းအကြောင်းကြားထားပါတယ်။ သေဆုံးသွားတဲ့ကျောင်းသားအမည်ကို Douglas county Coroner Jill Romann ကထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်တဲ့အကြောင်းတော့ ဖော်ပြထားပါတယ်” ဟု အချင်းဖြစ်ပွားပြီးနောက် ၅ နာရီအကြာတွင် Douglas county ဥပဒေရုံး၏ တွစ်တာလူမှုကွန်ရက်၌ ရေးသားထားသည်။

သံသယရှိသူနှစ်ဦးသည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ကျောင်းဝင်းထဲသို့ဝင်ရောက်လာပြီး ပစ်ခတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း Douglas county ဥပဒေရုံးပြောရေးဆိုခွင့်ရှိသူ Tony Spurlock က ဆိုသည်။အဆိုပါသံသယရှိသူ နှစ်ဦးစလုံးကို အချင်းဖြစ်နေရာ၌ပင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း နှင့် ပစ်ခတ်မှုမှာ မည်သူ့ကို အဓိကပစ်မှတ်ထား၍ ပြုလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)