Connect with us

Environment, Disasters & Accidents

အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ဆဋ္ဌမမြောက် အရှေ့ အာရှ − ဩစတြေးလျအာရှ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက်နယ်မြေအဖြစ် သတ်မှတ်

အင်းလေးကန်တွင် ပျံသန်းနေသည့်ငှက်များအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရေဝပ်ဒေသများနေ့တွင် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ဆဋ္ဌမမြောက် အရှေ့ အာရှ − ဩစတြေးလျအာရှ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက်နယ်မြေအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရေဝပ်ဒေသများနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သည် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအား အရှေ့အာရှ − ဩစတြေးလျအာရှ ရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံသန်းရာ လမ်းကြောင်း ကွန်ရက်နယ်မြေ- EAAF (အီးအေအေအက်ဖ်အမှတ်၊ ၁၄၇)အဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည့်အတွက် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည် မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် အရှေ့ အာရှ − ဩစတြေးလျအာရှ ရွှေ့ပြောင်းကျက် စားသည့် ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ရက် နယ်မြေဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။အင်းလေးကန်သည် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းကုန်း ပြင်မြင့်ပေါ်တွင် တည်ရှိသည့် ရေချိုကန်ဖြစ်ပြီး နိုင်ငံ၏

ဒုတိယအကြီးဆုံး ကုန်းတွင်းရေကန်ကြီးဖြစ်သည်။အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ စုစုပေါင်း ဧရိယာသည် ၅၃,၀၀၀ ဟတ်တာကျော် ကျယ်ဝန်း၍အင်းလေးကန်၊ စကားအင်းနှင့် မိုးဗြဲဆည်တို့ ပါဝင်သည်။ အပူပိုင်းသစ်တော၊ တောင်ပေါ်နှင့် သမပိုင်းအမြဲစိမ်း သစ်တောများစသည်ဖြင့် သဘာဝတောနေရင်းဒေသအမျိုးအစားစုံလင်စွာတွေ့ရှိရပြီး အင်းစပ်တစ်လျှောက် ရွှံ့နွံတော၊ မြေဆွေး၊ မြက်ခင်းပြင်၊ စိုက်ပျိုးမြေနှင့် အခြားအမျိုးအစား များကိုလည်း တွေ့ရှိနိုင်ကြောင်း သိရသည်။

အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အရှေ့အာရှ − ဩစတြေးလျ အာရှရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံသန်းရာလမ်းကြောင်းတစ်လျှောက် ဆောင်းခိုရေပျော် ငှက်မျိုးပေါင်း ၇၅ မျိုးကျော်၏ အကောင်ရေ ၂၀,၀၀၀ ကျော် တို့အတွက် ရပ်နားရသည့် အရေးပါသော နားခိုရာနေရာ တစ်ခုဖြစ်ကြောင်း သိရသည်။ ထို့အပြင် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ငှက်ပျံသန်းရာလမ်းကြောင်းတွင်ပါဝင်သော မျိုးစိတ်များ၏ ကောင်ရေ တစ်ရာခိုင်နှုန်းကျော်တွေ့ရှိရသည့် မျိုးစိတ်များ မှာ ရေကြက်ဒုံ၊ တင်ကျီးကြီး၊ ခရုပ်စုပ်အနက်၊ ဒေါင်းလန်း ခြေထောက်၊ ခရုတုတ်နှင့် စင်ရော်ခေါင်းညိုတို့ ဖြစ်ကြောင်းသိရသည်။

အင်းလေးကန်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအား သဘာဝထိန်းသိမ်းရေးနယ်မြေ အဖြစ် ၁၉၈၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးယူနက်စကို လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ် လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ရမ်ဆာဒေသအဖြစ်လည်းကောင်း သတ်မှတ်ခြင်းခံထားရပြီး ဖြစ်သည်။ Flyway Network Site အဖြစ် မြန်မာနိုင်ငံတွင် အင်းလေးကန်အပါအဝင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၆ ခု (မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်းနှင့် မေယု ကျွန်း၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့်အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော) ရှိပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ လ ၂၀ ရက်ထုတ် ကြေးမုံသတင်းစာတွင်ပါရှိသည်။ (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117