MYANMAR
COVID-19 လူနာသစ် ၈၄၈ ဦး တွေ့ရှိ ၊ ပိုးတွေ့ရှိမှု ၅ ရာခိုင်နှုန်းအောက် ၄ ရက်ဆက်တိုက် ရှိလာခဲ့
ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်
COVID-19 လူနာသစ် ၈၄၈ ဦး တွေ့ရှိ ၊ ပိုးတွေ့ရှိမှု ၅ ရာခိုင်နှုန်းအောက် ၄ ရက်ဆက်တိုက် ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲနမူနာ ၂၁,၀၁၈ ခုအား စစ်ဆေးခဲ့ရာ လူနာသစ် ၈၄၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၁,၂၉၈ ဦး နှင့် သေဆုံးလူနာ ၂၂ ဦး အသီးသီးရှိခဲ့ကြောင်း သိရသည်။ပိုးတွေ့ရှိမှုနှုန်းမှာလည်း ဒီဇင်ဘာ ၁၈ ရက်မှ စတင်၍ လေးရက်ဆက်တိုက် ၅ ရာခိုင်နှုန်း အောက်တွင်သာ ရှိခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ၄ ဒသမ ၀ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရသည်။
COVID-19 စမ်းသပ်တွေ့ရှိရမှုနှုန်းသည် ဓာတ်ခွဲစစ်ဆေးသည့် အရေအတွက်ပေါ်၌လည်း မူတည်နေကြောင်း ၊ ဒီဇင်ဘာ ၁၂ ရက်မှ ၂၁ ရက်အထိ နေ့စဉ် စစ်ဆေးသော ဓာတ်ခွဲနမူနာ အရေအတွက်မှာ အနည်းဆုံး ၁၈,၅၆၄ ခုမှ အများဆုံး ၂၄,၅၀၁ ခုအထိ ဖြစ်ပြီး ပျှမ်းမျှ အရေအတွက်မှာ ၂၂,၀၅၈ ခု ဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် နိုင်ငံအတွင်း ဒီဇင်ဘာ ၂၁ ရက်အထိ COVID-19 ဓာတ်ခွဲနမူနာပေါင်း ၁,၆၁၅,၆၇၂ ခုအား စစ်ဆေးခဲ့ပြီး လူနာပေါင်း ၁၁၆,၉၈၂ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၉၆,၆၈၅ ဦး နှင့် သေဆုံးလူနာပေါင်း ၂,၄၆၅ ဦး ရှိခဲ့ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ပိုမိုလျင်မြန်စွာကူးစက်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိနေရသဖြင့် ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများကို ယခုထက်ပို၍ တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ယခုထက် ပိုမိုတိကျစွာ လိုက်နာဆောင်ရွက်ကြမှသာလျှင် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)