Connect with us

MYANMAR

အင်္ဂလန် နိုင်ငံ၌ ပိုမိုလျင်မြန်စွာ ကူးစက်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရသဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများကို ပို၍ တိကျစွာ လိုက်နာရန် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

အင်္ဂလန်နိုင်ငံ၌ ပိုမိုလျင်မြန်စွာကူးစက်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိနေရာ ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းများကို ယခုထက်ပို၍ တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

COVID-19 ကိုဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝအရ ဗီဇပြောင်းလဲမှုသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ တွေ့ရှိနေကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် အဆိုပါနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း ၊ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို “VUI – 202012/01” ဟုခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှုပိုမိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်း သိရှိရပြီး အဆိုပါ SARS-Cov-2 ဗိုင်းရပ်စ်ပိုး၏ဗီဇပြောင်းလဲမှုအသစ်အား ပညာရှင်ပေါင်းစုံက ပူးပေါင်းကာ စုံစမ်းစစ်ဆေး စမ်းသပ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက”ဗီဇပြောင်းတာက ကျွန်တော်တို့ဆီမှာ ပြောင်းတာ မဟုတ်ပါဘူး။ အင်္ဂလန်မှာ ပြောင်းတာ ။ ဒါပေမယ့် ဒါမျိုးပေါ်လာရင် ကျွန်တော်တို့ဆီလည်း ပြောလို့ မရဘူး ။ COVID-19 က ကမ္ဘာပတ်တာ ခဏလေးနဲ့ ပတ်နေတာ ။ ဒါကြောင့်မို့လို့ ပိုသတိထားရမယ်လို့ ပြောတာပါ။ COVID-19 က ဆောင်းတွင်းကလည်း အေးတာနဲ့ မျိုးကလဲ ပြောင်းတာနဲ့မို့ မလွယ်ဘူး ။ ကျွန်တော်တို့က ပိုပြီးတော့ သတိထားဖို့ လိုတယ် ။ ကာကွယ်ရေး နည်းလမ်းတွေ ပိုပြီး လိုက်နာဖို့ လိုတယ်။ အထူးသဖြင့် အလုံပိတ်အခန်းတွေကို ပိုပြီး သတိထားပြီး ရှောင်ဖို့ လိုတယ်။ အလုံပိတ်အခန်းထဲဆိုရင် လေထဲက တစ်ဆင့်တောင်မှ ပြန့်နိုင်တယ်ဆိုပြီး တစ်ချို့ တွေ့ရှိချက်တွေက တွေ့ထားတယ်။ အဲတော့ Mask မတပ်ရင် တော်တော်ကြီးကို အန္တရာယ်များတယ်။ အဲဒီတော့ Mask တပ်ပါ။ လူအုပ်စု ရှောင်ပါပေါ့ ။”ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနသည် မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-Cov-2 ဗိုင်းရပ်စ်ပိုး၏ “မျိုးဗီဇတစ်ခုလုံး (whole genome sequence) ကို လေ့လာသော သုတေသနပြုမှုများ” ကို ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၌ လက်ရှိကူးစက်ဖြစ်ပွားနေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏မျိုးဗီဇတစ်ခုလုံးကိုလည်း ဆေးသုတေသဦးစီးဌာနမှ ဆက်လက်စစ်ဆေး လေ့လာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံ၌ ဒီဇင်ဘာ ၂၀ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၁၆,၁၃၄ ဦး ရှိသည့်အနက် ဆေးရုံဆင်းခွင့် ရသူပေါင်း ၉၅,၃၈၇ ဦး နှင့် သေဆုံးသူပေါင်း ၂,၄၄၃ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)