Connect with us

Economy

အင်ဒိုနီးရှားတွင် တောင်ကိုးရီးယားမှ ဒေါ်လာ ၁၈ ဘီလီယံ ရင်းနှီးမြှုုပ်နှံမည်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ညအလှ မြင်ကွင်း (ဆင်ဟွာ)

ဂျကာတာ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို၏ ကိုးရီးယားနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း အင်ဒိုနီးရှားနှင့် တောင်ကိုးရီးယား နှစ်နိုင်ငံအကြား အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ တန်ဖိုးရှိ စီးပွားရေး ဆိုင်ရာ သဘောတူညီမှု စာချုပ်များကို မေလ ၁၆ ရက်တွင် ဆိုးလ်မြို့၌ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

၎င်းစာချုပ်တွင် တောင်ကိုးရီးယား နိုင်ငံမှ ကုမ္ပဏီ ၆ ခုသည် အမေရိကန် ဒေါ်လာ ၁၅.၈ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သွားရန် သဘောတူညီခဲ့ပြီး နှစ်နိုင်ငံ ကုမ္ပဏီများ အကြား အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံ တန်ဖိုးရှိ ပူးတွဲ လုပ်ကိုင်သွားမည့် သဘောတူညီမှုများ ကိုလည်း လက်မှတ် ရေးထိုးခဲ့ကြောင်း တောင်ကိုးရီးယား နိုင်ငံ အစိုးရအဖွဲ့ရုံးအတွင်းရေးမှူးက မေလ ၁၆ ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။
“ ဒီစီးပွားရေး ဆိုင်ရာ သဘောတူညီမှု တွေဟာ အင်ဒိုနီးရှား နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ကိုးရီးယား ရင်းနှီးမြှုပ်နှံသူတွေဖက်က ယုံကြည်မှု ရှိတယ်ဆိုတာကို သက်သေပြ လိုက်တာပါပဲ” ဟု အင်ဒိုနီးရှား စီးပွားရေး နှင့် စက်မှု လုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ Franky Sibarani က ပြောသည်။
BKPM အချက်အလက်များအရ ၂ဝ၁၅ ခုနှစ်အတွင်း တောင်ကိုးရီးယား နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂,၃ဝဝ ကျော်ကို အင်ဒိုနီးရှား နိုင်ငံတွင် လာရောက် လုပ်ကိုင် ခဲ့ကြောင်းနှင့် အင်ဒိုနီးရှား နိုင်ငံတွင် ပဉ္စမ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု လာရောက် ပြုလုပ်သည့် နိုင်ငံအဖြစ် ကိုးရီးယား နိုင်ငံက ရပ်တည်နေကြောင်း ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ပိုမို စွဲဆောင်ရန် အတွက် သမ္မတ ဝီဒိုဒို ခေါင်းဆောင်သော အင်ဒိုနီးရှား အထူးကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၆ ရက်မှ စတင်ကာ တောင်ကိုးရီးယား နိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေး ခရီး သွားရောက်လျက် ရှိသည်။ ထိုမှတဆင့် ၎င်းကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ခရီးဆက်ရန် ရှိနေသည်။ ယခုနှစ်အတွင်း နိုင်ငံ၏ စီးပွားရေးကို ၅.၃ ရာခိုင်နှုန်းထိ တိုးတက်လာစေရန် အင်ဒိုနီးရှား နိုင်ငံက ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.