Connect with us

Local

ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ၁၀၀၀ ကျပ်တန် ငွေစက္ကူ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်မှစတင် ထုတ်ဝေမည်

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ဝေမည့် ၁၀၀၀ ကျပ်တန် ငွေစက္ကူအား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံဖြင့် ၁၀၀၀ ကျပ်တန် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှစတင် ထုတ်ဝေမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံဖြင့် ငွေစက္ကူ ပုံစံသစ် အမျိုးမျိုးကို ဆောင်ရွက်လျက် ရှိရာတွင် ၁၀၀၀ ကျပ်တန် ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်တွင် စတင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်မှုအား  ပြန်ကြားရေး ဝန်ကြီးဌာနမှ ယနေ့တွင် ကြေညာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူ အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ ၊ အနံ ၇၀ မီလီမီတာ ပါရှိပြီး ငွေစက္ကူသည် ပေါ်လွင်သည့် အပြာရောင် ရှိကာ ငွေစက္ကူ၏ အပေါ်ဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာတန်း ရိုက်နှိပ်ထားကြောင်း ၊ ၁၀၀၀ ကျပ်တန် ငွေစက္ကူ မျက်နှာစာဘက်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားကာ ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူ၏ တန်ဖိုးကို မြန်မာစာသားဖြင့် ၁၀၀၀ ကျပ်ဟု ဖော်ပြထားကြောင်း ၊ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားကြောင်း သိရသည်။

ထို့အတူ ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားကြောင်း ၊ ငွေစက္ကူ၏လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိကြောင်း ၊ ငွေစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံထည့်သွင်းထားပြီး ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားကြောင်း ၊ တစ်ထောင်ကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် လွှတ်တော်အဆောက် အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ ” CENTRAL BANK OF MYANMAR” စာတန်း အောက်ပိုင်း၌ “ONE THOUSAND KYATS” ဟူသော စာတန်းများ ရိုက်နှိပ်ထားကာ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားကြောင်း သိရသည်။

ထို့အတူ လက်ရှိသုံးစွဲလျက်ရှိသော တစ်ထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ထည့်သွင်း ကြေညာခဲ့သည်။(Xinhua)