Connect with us

Local

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း ကျပ်ငွေဖြင့် ရောင်းချပွဲ ကျင်းပ

မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း အထွေထွေမန်နေဂျာ၊ ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူ ရှင်းလင်း ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ ရောင်း ချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ(ကျေက်မျက်ပြပွဲခန်းမ)တွင် ယနေ့နံနက် စတင် ကျင်းပခဲ့ရာ အဆိုပါ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲမှာ နေပြည်တော်အတွက် (၇)ကြိမ်မြောက် ပွဲဖြစ် ကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်း အထွေထွေမန်နေဂျာ၊ ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်းကော်မတီ ဥက္ကဌ ဦးမင်းသူက ဆင်ဟွာသို့ ပြောသည်။

၎င်းက “ပြည်တွင်း ကျောက်မျက် အချောထည်လုပ်ငန်းတွေအတွက် ကုန်ကြမ်းရရှိရေးနဲ့ ကျောက် မျက် ကုမ္ပဏီတွေအတွက်လည်း တစ်နေရာတည်းမှာ ကုန်သည်အားလုံးကို ပြသနိုင်ပြီး ငွေပေါ်ရောင်း ချနိုင်ရေး အတွက် အခုလို မြန်မာကျပ်ငွေနဲ့ ရောင်းတဲ့ ပြည်တွင်း အရောင်းပွဲတွေကို ၂၀၁၁ မှာ နေပြည်တော်မှာ စလုပ်ခဲ့တာပါ၊ ဒီပွဲနဲ့ဆိုရင် ခုနစ်ကြိမ် ရှိပါပြီ၊ မနေ့ကအထိ စာရင်းအရ ဒီပွဲကို ကျောက်စိမ်း ကုန်သည် ၁,၂၀၀ ခန့်နဲ့ ကျောက်မျက်ကုန်သည် ၃၀ ကျော်လာဖို့ စာရင်းပေးထား ပါ တယ်” ဟု ဆင်ဟွာသို့ ဖြေကြားခဲ့သည်။

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း အရောင်းပွဲသို့တင်ပြထားသော ကျပ်သိန်း ၂၅၀၀ တန် ပတ္တမြားအရိုင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ရတနာကုန်သည်နှစ်ဦး ကြည့်ရှုနေစဉ် (ဆင်ဟွာ)

ယခု ပွဲတွင် အသားကျောက် အတွဲပေါင်း ၃,၃၃၉ တွဲနှင့် ကျောက်မျက် ၉၆ တွဲ တင်ပြထားကြောင်း၊ အသားကျောက် အတွဲများ၌ အခြေခံဈေး ကျပ် ၁၀ သိန်းမှ အမြင့်ဆုံးဈေး သိန်းတစ်ထောင်အထိ ပါဝင်ကြောင်း၊ ကျောက်မျက်အတွဲများတွင် သိန်း ၂၅၀၀ တန် ပတ္တမြား အရိုင်းတစ်ပွင့် ပါဝင်ကြောင်း လည်း ၎င်းက ပြောခဲ့သည်။ ၂၀၁၇ တွင် ကျင်းပခဲ့သော မြန်မာကျပ်ငွေဖြင့် ရောင်းချခဲ့သည့် (၆)ကြိမ် မြောက် ပွဲတွင် အတွဲပေါင်း ၄,၄၅၄ တွဲ တင်ပြခဲ့ရာ အတွဲ ၃,၄၁၁ တွဲ (ကျပ်သန်း ၄၅,၀၀၀ ကျော်ဖိုး) ရောင်းချခဲ့ရကြောင်း သိရသည်။

ယခုပွဲ၌ ကျောက်မျက်အတွဲများ ရောင်းချခြင်းကို နိုဝင်ဘာ ၁၂ ရက် ၁၃ ရက်တို့တွင် နံနက် ၈ း ၀၀ နာရီမှ ညနေ ၅ း ၀၀ နရီအထိ ကျောက်မျက် အတွဲများ ကြည့်ရှု စစ်ဆေးခြင်း၊ ဈေးနှုန်း တင်သွင်းလွှာ များ တင်သွင်းခြင်းတို့ ဆောင်ရွက်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် နံနက် ၉ း ၀၀ နာရီမှ ညနေ ၅ း ၀၀ နာရီအတွင်း အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်စိမ်း အတွဲများကိုမူ နိုဝင် ဘာ ၁၂ ရက်မှ ၁၄ ရက် အထိ ကျောက်စိမ်းအတွဲများ ကြည့်ရှု စစ်ဆေးခြင်း၊ ဈေးနှုန်း တင်သွင်းလွှာ များ လက်ခံခြင်း၊ နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)