Connect with us

Local

အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ၏ သဘောတူညီမှု လက်မှတ် ရေးထိုးပွဲတွင် မြန်မာနိုင်ငံမှ မူလ အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုး

အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ၏ သဘောတူညီမှု လက်မှတ် ရေးထိုးပွဲမြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ယနေ့ ပေကျင်းမြို့တွင် ကျင်းပသည့် အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံမှ Founder Member (မူလအဖွဲ့ဝင်) နိုင်ငံ အဖြစ် လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းက ဆင်ဟွာသို့ ပြောကြားသည်။

ဒေါက်တာ မောင်မောင်သိန်းက “ ကျွန်တော်တို့ ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် ဒီနေ့ ပေကျင်းမှာ ကျင်းပတဲ့ပွဲမှာ လက်မှတ် ရေးထိုးခဲ့တာပါ။ အခုလို AIIB နဲ့ လက်မှတ် ရေးထိုးခဲ့တဲ့ အတွက် အကျိုးသက်ရောက်မှုက များပါတယ်။ အခြေခံ အဆောက်အအုံတွေ ဖွံံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ငွေချေးပေးသွားမှာ ဆိုတော့ မြန်မာနိုင်ငံမှာလည်း အခြေခံ အဆောက်အအုံတွေက လိုအပ်နေတဲ့ အတွက် အရမ်းကို အကျိုးရှိပါတယ်’’ ဟုပြောသည်။

ယခုကဲ့သို့ လက်မှတ် ရေးထိုးနိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံအနေဖြင့် အကျိုးသက်ရောက်မှုများစွာ ရရှိနိုင်မည်ဖြစ်ပြီး အဓိက အချက်အနေဖြင့် လမ်း၊ တံတား ၊ လျှပ်စစ် စသည်ဖြင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးများ အတွက်ငွေများကို အတိုးနှုန်းသက်သာစွာ ချေးယူနိုင်မှာ ဖြစ်သလို၊ ဒေသဆိုင်ရာ ပေါင်းစည်းမှုတွေ ပိုမိုအားကောင်းနိုင်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် အနောက်နိုင်ငံ များလည်း ပါဝင်ကြောင်း ၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပါဝင်သည့် အတွက် ပေါင်းစည်းမှုများ အကျိုးသက်ရောက်မှုကောင်း နိုင်ကြောင်း ဒေါက်တာ မောင်မောင်သိန်းက ဆိုသည်။

ဒေါက်တာ မောင်မောင်သိန်းက “အင်္ဂလန်တို့ ပြင်သစ်တို့ လို နိုင်ငံကြီးတွေလည်း ပါတယ်။ အတိုးနှုန်းကလည်း တခြား ဖွံ့ဖြိုးရေးဘဏ်တွေရဲ့စံချိန်စံနှုန်း အတိုင်း ဖြစ်မှာပါ။ မြန်မာနိုင်ငံအနေနဲ့ မူလ အဖွဲ့ဝင်နိုင်ငံအနေနဲ့ ပါဝင်ရတော့ အခွင့်အရေးက သာမန် အဖွဲ့ဝင် နိုင်ငံထက်ပိုရမှာပါ’’ ဟုပြောပါသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့အစည်း၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့ အပြင် ထိုကဲ့သို့ အကူအညီရနိုင်မည့် AIIB လိုဘဏ်တစ်ခုမှာ အဖွဲ့ဝင်နိုင်ငံဖြစ်တာကို ကြိုဆိုကြောင်း၊ အခြေခံ အဆောက်အအုံဆိုင်ရာ ချေးငွေများကို မြန်မြန်ဆန်ဆန် အတိုးနည်းနည်း ရနိုင်မည်ဟု ယူဆရကြောင်းကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ ဦးသန်းလွင်က ဆိုသည်။

AIIB တွင် တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၉.၇၈၀၄ ဘီလီယံပါဝင်ပြီး၊ AIIB ၏ ရှယ်ယာ ပိုင်ဆိုင်မှု အများဆုံး နှင့် မဲပေးခွင့် ရာခိုင်နှုန်း အများဆုံးနိုင်ငံဖြစ်သည်။ (Xinhua)