Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လေယာဉ်ပျက်ကျမှုအတွက် ကျူးဘားနှင့် မက္ကဆီကို နိုင်ငံများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

မေလ ၁၈ ရက်က ကျူးဘားနိုင်ငံ ဟာဗားနားမြို့ Jose Marti အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး လေယာဉ်ပျက်ကျခဲ့သည့် နေရာ၌ ကယ်ဆယ်ရေးလုပ်သားများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကျူးဘားနိုင်ငံတွင် လေယာဉ်ပျက်ကျကာ လူပေါင်း ၁၀၀ ကျော်သေဆုံးမှုဖြစ်ပွားသည့်အတွက် ကျူးဘားနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံမှ ခေါင်းဆောင်များထံ ဝမ်းနည်းကြောင်း မေလ ၁၉ ရက်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

ကျူးဘား ကွန်မြူနစ်ပါတီ (PCC) ပထမအတွင်းရေးမှူး ရော်လ်ကက်စထရို၊ ကျူးဘားနိုင်ငံ နိုင်ငံတော်ကောင်စီနှင့် ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ Miguel Diaz-Canel တို့ထံ ပေးပို့သည့် သဝဏ်လွှာ၌ ရှီက လေယာဉ်ပျက်ကျပြီး လူပေါင်းများစွာ သေဆုံးသောသတင်းအားကြားရသည့်အတွက် ထိတ်လန့်မိပါကြောင်း ပြောကြားခဲ့သည်။

အလားတူ မက္ကဆီကိုနိုင်ငံ သမ္မတ Enrique Pena Nieto ထံပေးပို့သည့် သဝဏ်လွှာ၌လည်း ရှီက လေယာဉ်ပေါ် လိုက်ပါသွားသော မက္ကဆီကိုနိုင်ငံသား လေယာဉ်အမှုထမ်းများအတွက် ဝမ်းနည်းပါကြောင်းနှင့် သက်ဆိုင်ရာ မိသားစုများနှင့်လည်း ထပ်တူကြေကွဲဝမ်းနည်းရပါကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း ကျူးဘားနိုင်ငံ နိုင်ငံတော်ကောင်စီနှင့် ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ Miguel Diaz-Canel ထံသို့ ပေးပို့သော သဝဏ်လွှာ၌လည်း လေယာဉ်ပျက်ကျသေဆုံးသူများအတွက် စာနာမိပါကြောင်း ဖော်ပြခဲ့သည်။

Boeing 737-200 လေယာဉ်သည် မေလ ၁၈ ရက် နေ့လည်ခန့်က ခရီးသည် ၁၀၅ ဦး မက္ကဆီကိုနိုင်ငံသား ဝန်ထမ်း ၅ ဦးအပါအဝင် လေယာဉ်အမှုထမ်း ၆ ဦးအား တင်ဆောင်ကာ ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားမြို့ Jose Marti အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်စဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး သုံးဦးသာရှိခဲ့ပြီး ၎င်းတို့မှာလည်း စိုးရိမ်ဖွယ် အခြေအနေတွင်ရှိနေသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.