Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံ (CEEs) ခြောက်နိုင်ငံမှ ခေါင်းဆောင်များနှင့် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာဖလှယ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဘူလ်ဂေးရီးယားနိုင်ငံ၊ ရိုမေးနီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ပိုလန်နိုင်ငံတို့ထံ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အတွက် အောက်တိုဘာလ ၄ ရက်မှ ၇ ရက်အထိ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သမ္မတ ရှီက CEEs ခြောက်နိုင်ငံ၏ အစိုးရနှင့် ပြည်သူများထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာနှင့် ဆုမွန်ကောင်းများ ပေးပို့လိုက်ကြောင်း၊ ယင်းနိုင်ငံများသည် ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်က တရုတ်နိုင်ငံထူထောင်ပြီးနောက် ပထမဆုံး အသိအမှတ်ပြုကာ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့ကြသည့် နိုင်ငံများအုပ်စုဖြစ်ကြောင်း သိရသည်။

နှစ်ပေါင်း ၇၀ ကျော်အတွင်း တရုတ်နိုင်ငံနှင့် ခြောက်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှု စည်းမျဉ်းများအရ ရှေ့ဆက်ခဲ့ကြသလို သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်သူများထံ အမှန်တကယ် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း သမ္မတ ရှီက မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ရှီက တရုတ်နိုင်ငံနှင့် CEEs ခြောက်နိုင်ငံကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် ကြီးမားသော အရေးပါမှုအဖြစ် မှတ်ယူပါကြောင်း၊ နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို အစပြုအမှတ်သစ်တစ်ခုအဖြစ် လုပ်ဆောင်ရန် ၎င်းတို့နှင့်လက်တွဲချိတ်ဆက်ရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်-CEE ပူးပေါင်းဆောင်ရွက်မှုတို့မှ ဖန်တီးပေးသော အခွင့်အလမ်းများအား ဖမ်းဆုပ်ယူရန်၊ သက်ဆိုင်ရာ နိုင်ငံများ၏ အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများအား မြင့်မားသော အဆင့်သို့ မြှင့်တင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

CEE ခြောက်နိုင်ငံ ခေါင်ဆောင်များကလည်း ၎င်းတို့ လေးစားရသော နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း ဆက်ဆံရေးက နိုင်ငံတကာ အခင်းအကျင်း၌ အချိန်ကာလနှင့်  ပြောင်းလဲတတ်သော လောကဓံ နှစ်ခုလုံးတွင်ပါ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ကာ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အသီးအပွင့် ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း အဆိုပါ ခြောက်နိုင်ငံ၏ ဝန်ကြီးချုပ်များထံ သဝဏ်လွှာ အသီးသီးပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)