Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrovတို့ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ဆုံစဉ် (Xinhua/Han Fang)

ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrovတို့သည် နိုဝင်ဘာ ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက ရုရှားနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)နှင့် ဘရစ်(BRIC) ဗွီဒီယို ထိပ်သီးအစည်းအဝေးနှစ်ရပ်ကို ရလဒ်များစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။နှစ်တစ်ရာအပြောင်းအလဲတွင် ရာစုနှစ် ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေး၊ စီးပွားရေး အခြေအနေ နှင့် နိုင်ငံတကာစည်းစနစ်များကို ပြင်းထန်သည့် ရိုက်ခတ်မှုများ ရှိကြောင်း၊ ထို့ကြောင့်ပင် တရုတ်-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးကို မည်သည့် အချိန်အခါထက်မဆို ပို၍ အလေးထားကာ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို ပို၍ အားဖြည့် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတကာအခြေအနေအပြောင်းအလဲတွင် အဓိကပင်မထောက်တိုင်အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆိုသည်။

နှစ်နိုင်ငံအနေဖြင့် မိမိတို့၏ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး မိမိနိုင်ငံ ပြည်တွင်း နိုင်ငံရေးအစီအမံများကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြကြောင်း ၊ ဘက်ပေါင်းစုံဝါဒနှင့် နိုင်ငံတကာတရားမျှတမှုကို အတူကာကွယ်ထိန်းသိမ်းကာ နိုင်ငံတကာ စည်းမျဉ်းဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေးအခြေခံနိယာမများကို ထိန်းသိမ်းခဲ့ကြကြောင်း၊ နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးတွင် တက်ကြွစွာပူးပေါင်းပါဝင်ခဲ့သလို ဒေသအသီးသီး အထူးရေးကိစ္စများတွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တွန်းအားပေးဆောင်ရွက်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးအတွက် အကျိုးထမ်းဆောင်ခဲ့ကြကြောင်း ၊ တရုတ်-ရုရှား မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုသည် ရလဒ်သစ်များ အဆက်မပြတ် ရယူနိုင်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်-ရုရှားဆက်ဆံရေးသည် ကပ်ရောဂါဂယက်လှိုင်း၏ တိုက်ခတ်မှုကို ခံနိုင်ခဲ့သလို အပြန်အလှန်ယုံကြည်မှု မပြတ်နက်ရှိုင်းလာခဲ့ကြောင်း၊ ကုန်သွယ်ရေး ပြန်လည်တိုးတက်လာပြီး သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးရေးနှစ်ကို အောင်မြင်စွာ စတင်နိုင်ရာ ပြည်သူများအကြား ချစ်ကြည်ရေး မပြတ်ခိုင်မာမြဲမြံ၍ နှစ်နိုင်ငံဆက်ဆံရေး၏ ဖွံ့ဖြိုးမှုအခွင့်အလမ်းသစ်များရှိလာခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ အဆင့်မြင့်အရာရှိဆက်ဆံရေး ထားရှိကာ လာမည့်နှစ်
“တရုတ်-ရုရှား အိမ်နီးချင်းချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်”လက်မှတ်ရေးထိုးသော ၂၀ ပြည့်နှစ်တွင် ခေတ်သစ် နှစ်နိုင်ငံ ဆက်ဆံရေး မဟာဗျူဟာကို ပြည့်စုံအောင် ဆောင်ရွက်သွားပြီး ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို ပို၍ အဆင့်မြင့်အောင် လျှောက်လှမ်းသွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံနှင့်အတူ ပုခုံးချင်းယှက်အတူရပ်တည်ကာ တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ ဗိုလ်ကျအနိုင်ကျင့် လုပ်ဆောင်မှုများကြောင့် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာ စည်းစနစ်များအပေါ် ရိုက်ခတ်မှုကို အတူ ဖြေရှင်းသွားမည်ဖြစ်ပြီး နှစ်နိုင်ငံ၏ တရားဝင်အခွင့်အလမ်း၊ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်သွားလိုကြောင်း ၊ ဆွေးနွေးညှိနှိုင်းမှုများ တစ်ဆင့်တိုးမြှင့်တင်၍ မိမိတို့အားသာချက်များကို အပြည့်အဝ သုံးပြုကာ ဒေသတွင်း နိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်သွားခြင်း၊ တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းနှင့် စီးပွားရေး ပြန်လည်နိုးထအောင်ဆောင်ရွက်ခြင်း စသည့် အရေးပေါ် အရေးကိစ္စများကို ကူညီဆောင်ရွက်သွားသင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrovက ကပ်ရောဂါနှိပ်စက်မှုရှိနေသော်လည်း ရုရှား-တရုတ်ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ရှေ့သို့ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ နှစ်နိုင်ငံ ဆက်ဆံရေးအဆင့် မြင့်မားမှုကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်မှုတွင် အောင်မြင်မှုများ ရရှိခဲ့သည့်အတွက် ရုရှားနိုင်ငံက ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အရာရှိဆက်ဆံရေးထားရှိပြီး နှစ်နိုင်ငံ သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှုနှစ်ကို ကောင်းမွန်စွာ ဆောင်ရွက်သွားကာ ကဏ္ဍအသီးသီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများတွင် ရလဒ်သစ်များ မပြတ်ရရှိစေရန် တွန်အားပေး ဆောင်ရွက်သွားလိုကြောင်း ဆိုသည်။

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုကို ရုရှားနိုင်ငံက ထောက်ခံအားပေးကြောင်း၊ ကုလသမဂ္ဂ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၊ ဘရစ်(BRICS)စသည့် ဘက်ပေါင်းစုံ ပလက်ဖောင်းများတွင် တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့် ညှိနှိုင်းမှုများ ဆောင်ရွက်သွားလိုကြောင်း၊ နိုင်ငံတကာ ဒေသအခြေအနေ တည်ငြိမ်ရေးကို အတူကာကွယ်ထိန်းသိမ်း၍ ဒေသတွင်း အစွန်းရောက်ဝါဒ တိုက်ဖျက်နှိမ်နှင်းမှုများကို အားပြုဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံကို ဗဟိုပြုသည့် အရှေ့တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များကိုလည်း နှစ်ဖက် အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.