Connect with us

Science & Technology

ကမ္ဘာသိ ဖြစ်လာသည့် တရုတ်နိုင်ငံ၏ နည်းပညာမြင့် တီထွင်ဆန်းသစ်မှုများ

တရုတ်နိုင်ငံရှိ စီးပွားဖြစ် မျှဝေသုံးစွဲနိုင်သည့် စက်ဘီးများအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ရှေးနှစ်ပေါင်းများစွာကတည်းက သမိုင်းဝင် တီထွင်မှုများဖြင့် ဝင့်ကြွားခဲ့သော တရုတ်နိုင်ငံသည် ယခုအချိန်တွင်လည်း “မဟာတီထွင်မှုအသစ် လေးခု” ဖြစ်သော မြန်နှုန်းမြင့် ရထားလမ်း၊ အီလက်ထရောနစ် ငွေပေးချေမှု၊ စက်ဘီးမျှဝေသုံးစွဲမှုစနစ် နှင့် အွန်လိုင်းဈေးဝယ်မှုများဖြင့် ကမ္ဘာကြီးအားပြောင်းလဲနိုင်ကြောင်း ၎င်း၏ စွမ်းရည်ကို တစ်ဖန်ပြန်လည် ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါသည်။

တီထွင်ဆန်းသစ်ထားသော ဘဝနေထိုင်မှုစနစ်လေးခုသည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံပေါင်း ၂၀ မှ လူငယ်များအပေါ် များစွာ အကျိုးသက်ရောက်မှုရှိစေကြောင်း ပေကျင်းမြို့နိုင်ငံခြားလေ့လာမှုတက္ကသိုလ် ၏ ခေတ်သစ်ပိုးလမ်းမကြီးသုတေသနဋ္ဌာန မှ ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုတစ်ခုအရ သိရသည်။

တရုတ်နိုင်ငံရှိ မြန်နှုန်းမြင့်ရထားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

“မဟာတီထွင်မှုအသစ် လေးခု” စလုံးသည် တရုတ်နိုင်ငံ၏ နည်းပညာမြင့် တီထွင်ဆန်းသစ်မှုများ နှင့် ဆက်စပ်နေပြီး လူသားတို့၏ ဘဝနေထိုင်မှု အရည်အသွေးကို မြှင့်တင်ပေးကြောင်း ခေတ်သစ်ပိုးလမ်းမကြီးသုတေသနဋ္ဌာန ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဝူဟောင်က ဆိုသည်။

“ကိတ်မုန့်ရောင်းသူတောင် အလီပေး (Alipay) ကို အသုံးပြုနေပါပြီ”

ကမ္ဘောဒီးယားနိုင်ငံ မှ ပြည်ပပညာတော်သင် တရုတ်ကျောင်းသားတစ်ဦး ဖြစ်သည့် လင်ကျင်းလုံ က “ပိုက်ဆံအိတ်တွေဟာ သိပ်အသုံးမလိုတော့ပါဘူး။ ဖုန်းပေါ်မှာ လက်ဗွေရာတင်လိုက်ရုံနဲ့ လိုချင်တာဝယ်နိုင်ပြီး စားချင်တာစားနိုင်နေပါပြီ။ ကိတ်မုန့်ရောင်းသူတောင် မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်တဲ့ အလီပေး (Alipay) ကို အသုံးပြုနေပါပြီ” ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ အွန်လိုင်းငွေပေးချေမှု ကုမ္ပဏီတစ်ခုဖြစ်သည့် Alipay အားတွေ့ရစဉ် (ဆင်ဟွာ)

လင်းက “နေအိမ်ကနေ စားစရာ မှာယူနိုင်ပြီဖြစ်တဲ့အတွက် အရမ်းကို အဆင်ပြေစေပါတယ်။ ကမ္ဘောဒီးယားက အိမ်မှာဆိုရင် စားစရာဝယ်ဖို့အတွက် အပြင်ကို ထွက်ပြီး ဝယ်ရပါတယ်” ဟု ဆိုသည်။

“တရုတ်နိုင်ငံဟာ တီထွင်ဆန်းသစ်မှုခေတ်သစ် သို့ ဝင်ရောက်ခဲ့ပါပြီ”

စက်ဘီးများသည် ၎င်းတို့ချည်းသက်သက်ဆိုပါက အသစ်အဆန်းမဟုတ်သော်လည်း စက်ဘီးမျှဝေသုံးစွဲမှု ပုံစံသစ်မှာတော့ ဂြိုလ်တုလမ်းကြောင်းပြ စနစ်၊ မိုဘိုင်းငွေပေးချေမှု၊ အချက်အလက်များ နှင့် အခြား မြင့်မားသော နည်းပညာများကို ပေါင်းစပ် အခြေခံထားပါသည်။

တရုတ်လူမျိုး စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် ဖော်ပြပါ နည်းပညာများကိုပေါင်းစပ်အခြေပြုပြီး ထုတ်လုပ်ထားသော စီးပွားဖြစ် စက်ဘီးမျှဝေသုံးစွဲမှုပုံစံသစ်ဖြင့် ကမ္ဘာတစ်ဝန်းအား အံ့သြမှင်သက်စေခဲ့ပြီး ယင်း စီးပွားရေးသည် စင်ကာပူ နှင့် ဗြိတိန်နိုင်ငံ အစရှိသည့် ပြည်ပဈေးကွက်များသို့ပင် ထိုးဖောက် ဝင်ရောက်နေပြီဖြစ်သည်။

တရုတ်နိုင်ငံသည် တီထွင်ဆန်းသစ်မှုခေတ်သစ် သို့ ဝင်ရောက်နိုင်ခဲ့မှုအတွက် တရုတ်နိုင်ငံ က တီထွင်ဆန်းသစ်မှု ကို အားပေးရန် ငွေအလုံးအရင်းဖြင့် ရင်းနှီးမှုများကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံရှိ ကမ္ဘာ့ချမ်းသာကြွယ်ဝမှု အဖွဲ့အစည်း ကိုယ်စားလှယ် Bernhard Schwartlander ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စက်ဘီးမျှဝေသုံးစွဲမှုပုံစံ နှင့် ပတ်သက်၍ စက်ဘီးချစ်သူတစ်ဦးက ၎င်း၏ စိတ်ခံစားချက်ကို ပြောကြားရာတွင် “စက်ဘီးမျှဝေသုံးစွဲမှုစနစ် ကြောင့် ပြည်သူတွေရဲ့နေ့စဉ်ဘဝတွေထဲကို စက်ဘီးတွေပြန်လည်ဝင်ရောက်လာပါတယ်။ ပြီးတော့ အများပြည်သူ ဆက်သွယ်ရေးဟာလည်း ပိုမိုဆွဲဆောင်မှုရှိလာပြီး အဆင်ပြေချောမွေ့လာပါတယ်။ ပြည်သူတွေအနေနဲ့ ပိုမို တက်ကြွစွာ လှုပ်ရှားသွားလာဖို့ အားပေးနေသလိုပါပဲ” ဟု ပြောကြားခဲ့သည်။

Silicon Dragon အား တည်ထောင်သူ နှင့် အယ်ဒီတာ ဖြစ်သူ ရီဗက်ကာ ဖန်နင်း က တရုတ်နိုင်ငံသည် အချို့သော လမ်းကြောင်းများတွင် ရှေ့ကစတင်ဦးဆောင်နေပြီ ဖြစ်ကြောင်း မှတ်ချက်စကားပြောကြားခဲ့သည်။

၎င်းက “တရုတ်နိုင်ငံဟာ ကိုယ်ပိုင်တီထွင်ဆန်းသစ်မှုများကို လုပ်ဆောင်နေတယ်ဆိုတာ သိသိသာသာထင်ရှားနေပြီး အထူးသဖြင့် မိုဘိုင်းဖုန်းနည်းပညာနယ်ပယ် မှာ တရုတ်နိုင်ငံဟာ Wechat လူမှုအပလီကေးရှင်းမျိုး ကဲ့သို့သော နည်းပညာတွေနဲ့ နေရာတော်တော်များများမှာ ဦးဆောင်နေပါတယ်” ဟုပြောကြားခဲ့သည်။

“တရုတ်နိုင်ငံဟာ တစ်ကိုယ်ရည်ကွန်ပြူတာ (PC) ခေတ်ကို ကျော်ဖြတ်ပြီး မိုဘိုင်းဖုန်းခေတ်ကို တိုက်ရိုက်ဝင်ရောက်ကာ တစ်ကမ္ဘာလုံးမှာ တရုတ်နိုင်ငံရဲ့မိုဘိုင်းဖုန်းအသုံးပြုမှုဟာ အများဆုံးဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ သိပ္ပံနှင့် နည်းပညာအေဂျင်စီ၏ တရုတ်သုတေသန နှင့် ဆက်သွယ်ရေးစင်တာ မှ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ယိုနဲရာမ ဟာရူကို က နည်းပညာများကို ဖောဖောသီသီအသုံးပြုမှုကြောင့် တရုတ်နိုင်ငံသားများ၏ နေထိုင်မှုဘဝများသည် ပို၍ ပို၍ အဆင်ပြေချောမွေ့လာပြီး လွန်ခဲ့သည့် ၁၀နှစ် (သို့) ၁၀နှစ်ကျော်အတွင်း ဂျပန်နိုင်ငံသည် နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုတွင် တရုတ်နိုင်ငံထက် နောက်ကျကျန်ရစ်နေခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း”

“မဟာတီထွင်မှုအသစ် လေးခု” နှင့်ပတ်သက်၍ ယင်းထုတ်ကုန်နှင့် ဝန်ဆောင်မှုများသည် ဝယ်ယူသူများအတွက် အတွေ့အကြုံကောင်းများ လုံးဝတိုးတက်လာစေပြီး တစ်ချိန်တည်းမှာပင် နိုင်ငံ နှင့် ကမ္ဘာ့စီးပွားရေးကို မြှင့်တင်ပေးကြောင်း အမေရိကန်ဈေးကွက်လေ့လာရေးကုမ္ပဏီ Forrester၏ မူဝါဒရေးရာ ဆန်းစစ်လေ့လာသူ ချာလီ ဒိုင် ကပြောကြားခဲ့သည်။

ကိန်းဂဏန်းအချက်အလက်များအရ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများက ၂၀၁၆ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ၅၆.၂ရာခိုင်နှုန်း အထိအထောက်အကူပြုပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ ရလဒ်များဖြင့် မိခင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို မြှင့်တင်ရန် မျှော်လင့်နေသော နိုင်ငံခြားသားဦးရေသည်လည်း များပြားလာကြောင်း သိရသည်။

ပေကျင်းမြို့မှ ၁၀၀ ကီလိုမီတာ အကွာအဝေးတွင်ရှိသော ကမ်းရိုးတန်းမြို့ဖြစ်သည့် ထျန်းကျင်း မြို့သို့ တရုတ်နိုင်ငံထုတ် မြန်နှုန်းမြင့်ရထားဖြင့် ခရီးသွားခဲ့သည့် တရုတ်ကျောင်းသား လင်းက “ဒီခရီးကို နာရီဝက်တည်းနဲ့ ရောက်သွားတာပါ။ ရထားလမ်း ၂လမ်းပဲရှိတဲ့ ကမ္ဘောဒီးယားမှာ ဆိုရင် ဒီလိုခရီးစဉ်မျိုးကို သုံးနာရီလောက်ကြာမှာပါ” ဟု ၎င်းက ခရီးသွားအတွေ့အကြုံကို ပြောကြားခဲ့သည်။

၎င်းက “တရုတ်လူမျိုးတွေပြောလေ့ရှိတဲ့ “လမ်းတွေဖောက်လုပ်ခြင်းဟာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ ပထမဆုံးခြေလှမ်းဖြစ်တယ်” ဆိုတဲ့စကားနဲ့အညီ တရုတ်နိုင်ငံရဲ့ မြန်နှုန်းမြင့်ရထားတွေကိုသာ အသုံးပြုလိုက်မယ်ဆိုရင် ကမ္ဘောဒီယားနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာလည်း လျင်မြန်လာမှာပါ” ဟုပြောကြားခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီးသုတေသနဋ္ဌာန ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဝူ က “လင်းရဲ့ ပြောဆိုမှုတွေအရ ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများမှ လူငယ်တွေဟာ ၎င်းတို့ရဲ့ နိုင်ငံတွေဆီ တရုတ်နိုင်ငံရဲ့ နည်းပညာတွေ ရောက်ရှိလာဖို့ မျှော်လင့်နေကြတာကို ညွှန်းဆိုလိုက်တာပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ (Xinhua)