Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အကြီးဆုံး ပင်လယ်ရေကြောင်း သုတေသန၊ လေ့ကျင့်ရေးသင်္ဘော ရေချခြင်းအခမ်းအနားပြုလုပ်

ဆွန်ယက်ဆင်တက္ကသိုလ် (Sun Yat-sen University) ဟုအမည်ပေးထားသော တရုတ်နိုင်ငံ၏ အကြီးဆုံး သမုဒ္ဒရာဆိုင်ရာသုတေသနနှင့် လေ့ကျင့်ရေးသင်္ဘောအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဆွန်ယက်ဆင်တက္ကသိုလ် (Sun Yat-sen University) ဟုအမည်ပေးထားသော တရုတ်နိုင်ငံ၏ အကြီးဆုံး သမုဒ္ဒရာဆိုင်ရာသုတေသနနှင့် လေ့ကျင့်ရေးသင်္ဘောသည် ရှန်ဟိုင်းမြို့တွင် ဩဂုတ် ၂၈ ရက်က ရေချခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ သင်္ဘောသည် တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်းလီမိတက်အောက်ရှိ Jiangnan Shipyard Group မှ ထွက်ခွာလာခဲ့သည်။ ဆွန်ယက်ဆင်တက္ကသိုလ် ဥက္ကဋ္ဌ Luo Jun က သင်္ဘော၏ နာမည်ကို တပ်တော်ဝင်ခြင်း အခမ်းအနား၌ ကြေညာခဲ့ခြင်း ဖြစ်သည်။ 

အလျား ၁၁၄.၃ မီတာ၊ အကျယ် ၁၉.၄ မီတာရှိသော သင်္ဘောတွင် ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်စွမ်းရည်ပါရှိသည်။ ၎င်းရေယာဉ်သည် ပင်လယ်ပြင်စမ်းသပ်မှုအမြန်နှုန်း အများဆုံး ရေမိုင် ၁၆ မိုင်နှင့် စီးပွားဖြစ်ရေလမ်းခရီး ရေမိုင် ၁၅,၀၀၀ မိုင် သွားလာနိုင်ပြီး ရက် ၆၀ ကြာ စူးစမ်းလေ့လာရေးခရီးများနှင့် သင်္ဘောဝန်ထမ်း ၁၀၀ ကို ဝန်ဆောင်မှုပေးနိုင်စွမ်းရှိကြောင်း သိရသည်။ 

အဆိုပါ သုနေသနနှင့် လေ့ကျင့်ရေးသင်္ဘောသည် တရုတ်နိုင်ငံတွင် အများဆုံးရေထုအလေးချိန်၊ အကြံ့ခိုင်ဆုံး ဘက်စုံသိပ္ပံပညာစွမ်းဆောင်မှုနှင့် တီထွင်ဆန်းသစ်မှုအရှိဆုံး ပုံစံဖြစ်ကြောင်း ဒီဇိုင်နာချုပ် Wu Gang က ပြောခဲ့သည်။ 

ယင်းသင်္ဘောကို “ပင်လယ်ပြင်ရှိ ကြီးမားသော ရွေ့လျားဓာတ်ခွဲခန်း” အဖြစ်လည်း ဖော်ပြနိုင်သည်။ သင်္ဘောတည်ဆောက်ရေးအင်ဂျင်နီယာချုပ် ကျန်းဝန်လုံက သင်္ဘော၏ ကုန်းပတ်သည် ရွှေ့ပြောင်းနိုင်သော ကွန်တိန်နာ ဓာတ်ခွဲခန်း ၁၀ ခုကျော် သယ်ဆောင်နိုင်ကြောင်း၊ သင်္ဘောပေါ်တွင် ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ ဆင်းသက်နိုင်သော ပလက်ဖောင်းတစ်ခုပါရှိပြီး သယ်ယူပို့ဆောင်ရေးကို ထိထိရောက်ရောက် တိုးမြှင့်ဆောင်ရွက်နိုင်သလို သိပ္ပံပညာသုတေသန လေ့လာရေးကိုလည်း တိုးချဲ့နိုင်ကြောင်း ပြောကြားခဲ့သည်။ 

ထို့ပြင် သင်္ဘော၏ အဆင့်မြင့်သုတေသန ကိရိယာက သိပ္ပံပညာရှင်များကို သင်္ဘောပေါ်တွင်ပင် နမူနာများနှင့် အချက်အလက်များကို ဆောင်ရွက်ရန်၊ စစ်ဆေးရန်နှင့် လေ့လာဆန်းစစ်ရန် အထောက်အကူပေးနိုင်ကြောင်း သိရသည်။ 

အဆိုပါ သင်္ဘောတည်ဆောက်ခြင်း စီမံကိန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် စတင်ခဲ့သည်။ သင်္ဘောအား စစ်ဆေးရှင်းလင်းခြင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်၌ တက္ကသိုလ်သို့ လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ 

၁၉၂၀ ပြည့်နှစ်များကစ၍ ကွမ်ကျိုးအခြေစိုက် ဆွန်ယက်ဆင်တက္ကသိုလ်သည် တောင်တရုတ်ပင်လယ်တွင် ပင်လယ်ရေကြောင်း သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန လုပ်ဆောင်လျက်ရှိသည်။ Xisha ကျွန်းများတွင် တရုတ်နိုင်ငံ၏ ပထမဆုံး သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနလေ့လာခြင်းကို အဆိုပါ တက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

“သမုဒ္ဒရာတွေအပေါ် ကျွန်တော်တို့ လူသားတွေရဲ့ နားလည်နိုင်မှုက အာကာသအပေါ် နားလည်မှုထက် အားနည်းနေပါတယ်။ အဓိကအကြောင်းရင်းကတော့ စူးစမ်းလေ့လာရေးကိရိယာနဲ့ စွမ်းရည်တွေ အားနည်းမှုကြောင့်လည်း ပါပါတယ်။ အခု ရေချလာတဲ့ သင်္ဘောက သမုဒ္ဒရာတွေကို နားလည်ဖို့၊ လေ့လာဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီက ပညာရှင် Chen Dake က အခမ်းအနား၌ ပြောခဲ့သည်။  (Xinhua)