Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ခရီး ကီလိုမီတာ သန်း ၁၀၀ ခန့်အထိ ရောက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ Long March-5 သယ်ဆောင်ရေးဒုံးပျံဖြင့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်ကို ဇူလိုင် ၂၃ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် ဩဂုတ် ၂၈ ရက်  နံနက် ၁၀:၀၈ နာရီအထိ ခရီး ကီလိုမီတာ သန်း ၁၀၀ ခန့်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) အရ သိရသည်။ 

အဆိုပါ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်သည် အခြေအနေတည်ငြိမ်လျက်ရှိပြီး ယာဉ်ပေါ်ရှိပစ္စည်းကိရိယာများစွာကိုလည်း ပုံမှန်စစ်ဆေးမှုများ ပြီးစီးခဲ့သည်။ ၎င်းယာဉ်သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ရက်ပေါင်း ၃၆ ရက်တာ သွားလာခဲ့ပြီး ကမ္ဘာဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ ၁၀.၇၅ သန်း သို့ ရောက်ရှိနေပြီဖြစ်သည်။ 

အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်အား ဇူလိုင် ၂၃ ရက်က Long March-5 သယ်ဆောင်ရေးဒုံးပျံဖြင့် ကမ္ဘာဂြိုဟ်-အင်္ဂါဂြိုဟ် ကူးပြောင်းရေးဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခဲ့သည်။ ၎င်းယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ မရောက်ရှိမီ အကွာအဝေး ကီလိုမီတာ သန်း ၄၇၀ အထိ သွားရောက်ရန်မျှော်မှန်းထားပြီး ကမ္ဘာမြေမှ ကီလိုမီတာ ၁၉၅ သန်းခန့် အကွာအဝေးအထိ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း CNSA ၏ လကမ္ဘာစူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာက သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 

ထိုယာဉ်သည် ကမ္ဘာနှင့် လ၏ ပုံရိပ်ကို ဖမ်းယူနိုင်ခဲ့ပြီး ၎င်း၏ ပထမဆုံး ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်းကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ဩဂုတ် ၁၉ ရက် ည ၁၀:၂၀ နာရီမှစ၍ အင်္ဂါဂြိုဟ် သံလိုက်ဓာတ်တိုင်းတာရေးကိရိယာ၊ အင်္ဂါဂြိုဟ် တွင်းထွက်သတ္တုလေ့လာရေးဆိုင်ရာ ရောင်စဉ်တိုင်းကိရိယာနှင့် ရုပ်ထွက်မြင့်မားသောကင်မရာ အပါအဝင် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်ပေါ်ရှိ ပစ္စည်းကိရိယာများစွာမှာလည်း ပုံမှန်အခြေအနေရှိကြောင်းကို စစ်ဆေးပြီးစီးကြောင်း သိရသည်။ ယာဉ်ပေါ်တွင် ပါရှိသည့် ပစ္စည်းကိရိယာများ၏ သိပ္ပံပညာရပ်ဆိုင်ရာ အချက်အလက်များကိုလည်း ကမ္ဘာမြေပြင်သို့ ချောမွေ့စွာ ပို့လွှတ်ခဲ့ပြီး ယင်းတို့မှာလည်း ပုံမှန်အခြေအနေရှိကြောင်း အတည်ပြုခဲ့သည်။ ထို့ပြင် ပျံသန်းမှုဆိုင်ရာ ထိန်းချုပ်ရေးတာဝန်များစွာသည်လည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းယာဉ်သည် ဂြိုဟ်ပတ်လမ်းကြောင်းပြောင်းခြင်းနှင့် ဂြိုဟ်ပတ်လမ်းကြောင်း တည့်မတ်ခြင်း ပြုလုပ်သွားမည် ဖြစ်ပြီး အင်္ဂါဂြိုဟ် ဂြိုဟ်ပတ်လမ်းကြောင်းသို့ ချဉ်းကပ်စဉ်တွင် ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဂြိုဟ်ပေါ်သို့ ဆင်းသက်ခြင်းနှင့် လှည့်လည်သွားလာခြင်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း CNSA အရ သိရသည်။ (Xinhua)