Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်က ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ၈ သန်းကျော်အကွာအဝေးသို့ ရောက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် တင်ဆောင်ထားသော Long March-5 ဒုံးပျံအား ဇူလိုင် ၂၃ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ ၈ သန်းကျော် အကွာအဝေးသို့ ရောက်ရှိခဲ့ပြီး ပုံမှန် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသဆိုင်ရာစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ လကမ္ဘာ စူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာက ဩဂုတ် ၂၀ ရက်က ပြောကြားခဲ့သည်။ 

အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်သည် ဩဂုတ် ၁၉ ရက် ည ၁၁:၂၀ နာရီအထိ ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ ၈.၂၃ သန်းအကွာအဝေးအထိ သွားရောက်ခဲ့သည်။ ဩဂုတ် ၁၉ ရက် ည ၁၀:၂၀ နာရီမှစ၍ အင်္ဂါဂြိုဟ် သံလိုက်ဓာတ်တိုင်းတာရေးကိရိယာ (Magnetometer) ၊ အင်္ဂါဂြိုဟ် တွင်းထွက်သတ္တုလေ့လာရေးဆိုင်ရာ ရောင်စဉ်တိုင်းကိရိယာနှင့် ရုပ်ထွက်မြင့်မားသောကင်မရာ အပါအဝင် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်ပေါ်ရှိ ပစ္စည်းကိရိယာများစွာမှာလည်း ပုံမှန်အခြေအနေရှိကြောင်းကို စစ်ဆေးပြီးစီးကြောင်း သိရသည်။ 

အလယ်အလတ်နှင့် ရုပ်ထွက်မြင့်မားသော ကင်မရာများအား အင်္ဂါဂြိုဟ် မျက်နှာပြင်ပုံရိပ်ရိုက်ကူးခြင်းနှင့် အင်္ဂါဂြိုဟ်၏ မြေမျက်နှာသွင်ပြင်နှင့် ပထဝီဝင်အနေအထား တည်ဆောက်ပုံကို သုတေသနပြုလေ့လာရေးများ အတွက် အသုံးပြုသွားမည် ဖြစ်သည်။ သံလိုက်ဓာတ်တိုင်းတာရေးကိရိယာသည် အင်္ဂါဂြိုဟ်ပေါ်ရှိ သံလိုက်စက်ကွင်းပတ်ဝန်းကျင်ကို ရှာဖွေသွားမည်ဖြစ်ပြီး တွင်းထွက်သတ္တုလေ့လာရေးဆိုင်ရာ ရောင်စဉ်တိုင်းကိရိယာအား အင်္ဂါဂြိုဟ်ပေါ်ရှိ တွင်းထွက်သတ္တုများ ပေါင်းစပ်ဖွဲ့စည်းပုံနှင့် ပျံ့နှံ့ပုံများကို ဆန်းစစ်ရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံသည် အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်အား ဇူလိုင် ၂၃ ရက်က လွှတ်တင်ခဲ့ပြီး ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဆင်းသက်ခြင်းနှင့် လှည့်လည်သွားလာခြင်းများအား လုပ်ငန်းစဉ်တစ်ခုတည်းဖြင့် ပြီးမြောက်အောင်စီစဉ်ထားခြင်းဖြစ်ကာ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များအား စူးစမ်းလေ့လာရေးတွင် ပထမဆုံးခြေလှမ်းဖြစ်သည်။ 

အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်သည် ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်) သို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဝန်းကျင်၌ ရောက်ရှိရန် မျှော်မှန်းထားသည်။ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် အဆိုပါ စူးစမ်းလေ့လာရေးယာဉ်သည် ဂြိုဟ်ပေါ်သို့ မဆင်းသက်မီ ဆင်းသက်ရန်လျာထားသောနေရာများအား လေ့လာဆန်းစစ်ရေးအတွက် နောက်ထပ် နှစ်လမှ သုံးလအထိ အချိန်ယူမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)