Connect with us

Science & Technology

တတိယအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး၌ မြန်မာနိုင်ငံအတွက် Huawei က ဗီဒီယို ကွန်ဖရန့်စနစ် နှင့် နည်းပညာ ဝန်ဆောင်မှု (၃) စုံ ကူညီ

မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က Huawei Myanmar အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်စဉ် (ဓာတ်ပုံ-Huawei Myanmar)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက်  မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ Huawei ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၄,၀၀၀ တန်ဖိုးရှိ ဗီဒီယို ကွန်ဖရန့်စနစ် နှင့် နည်းပညာ ဝန်ဆောင်မှု (၃) စုံ ကူညီခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

HUAWEI RP Series Room Telepresence Systems ပေါ်အခြေခံ၍ မူလ အစည်းအဝေးခန်းများကို HD မျက်နှာပြင်နှစ်ခုပါဝင်သော ဗီဒီယို ကွန်ဖရန့်ခန်းများအဖြစ်သို့ ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးထားသော ဗားရှင်းအတွက် Huawei သည်  စစ်မှန်ချောမွေ့သော ပြောဆိုဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် အတွက် အဆင့်မြင့် ရုပ်သံလုပ်ငန်းစဉ်နှင့် အမှားပြင်ဆင်သည့် နည်းပညာများကိုပါ ထည့်သွင်း ပေးခဲ့ကြောင်း၊ အဆိုပါ လုပ်ဆောင်ချက်များသည် အခြား LMC အဖွဲ့ဝင်နိုင်ငံ (၅) နိုင်ငံမှ ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံမှ  ခေါင်းဆောင်အကြား အွန်လိုင်းမှ တွေ့ဆုံရာတွင် အထစ်အငေါ့မရှိ ချောမွေ့သော အစည်းအဝေး တစ်ခု ဖြစ်ပေါ်စေရန် ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က Huawei Myanmar အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်စဉ် (ဓာတ်ပုံ-Huawei Myanmar)

“HUAWEI CloudLink Room ဗီဒီယို ကွန်ဖရန့် စနစ်တွေကို အသုံးပြုပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ပံ့ပိုးကူညီခွင့်ရတာ အလွန်တရာ ဂုဏ်ယူမိပါတယ်။ ဒီ ဘက်စုံသုံး အဆင့်မြင့် ဆက်သွယ်ရေးစနစ်  “integrated multifunctional collaborative telepresence system” ဟာ ပူးပေါင်း ဆွေးနွေးမှုတွေရဲ့ စံပြ ပလက်ဖောင်းပါပဲ။ အွန်လိုင်း ဆွေးနွေးပွဲ၊ အစည်းအဝေးတွေ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့အတွက် ဖန်သားပြင် နှစ်ဖက်ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း၊ အရည်အသွေးမြင့် အသံစနစ်၊ ရုပ်ထွက်အကောင်းမွန်ဆုံး Ultra HD ဗီဒီယို ကင်မရာ စွမ်းဆောင်ရည်တို့ ပါဝင်တဲ့အပြင် အလိုအလျောက် ထိတွေ့ မျက်နှာပြင်နဲ့ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း စတာတွေကို ထည့်သွင်းထားပါတယ်။” ဟု Huawei Myanmar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi က ပြောကြားခဲ့သည်။

ဇွန်လအတွင်းကလည်း Huawei က ၎င်း၏ Telemedicine Video Conference Solution ကို မြန်မာနိုင်ငံ COVID-19 ကုသရေးစင်တာ (ဖောင်ကြီး) နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ICT နည်းပညာ ပံ့ပိုးသူ Huawei သည် ၎င်း၏ HUAWEI CLOUD AI အထောက်အကူပြု ရောဂါအတည်ပြုခြင်းနှင့် ကုသခြင်း စနစ်ကိုလည်း ဖောင်ကြီးကုသရေးဌာနသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စနစ်သည် ယုံကြည်စိတ်ချရသော မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှုကို တပ်ဆင်ထားပြီး ရောဂါကူးစက်မှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ခြင်းကို နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ တိုးမြှင့်ပေးနိုင်မည့်စနစ် အပါအဝင် လူနာများအတွက် Computed Tomography (CT) နှင့် ရောဂါစစ်ဆေးအတည်ပြုသည့် ကာလကို ပိုမို တိုတောင်းစေရန် လျှော့ချပေးနိုင်မည့် စနစ်ကိုပါ တပ်ဆင်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ပံ့ပိုးလှူဒါန်းမှုအတွက် မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က Huawei Myanmar အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။“Huawei ရဲ့ ဗီဒီယို ကွန်ဖရန့်စနစ်နဲ့ နည်းပညာတွေဟာ ကျွန်တော်တို့အတွက် အလွန်ပဲ အထောက်အကူဖြစ်စေပါတယ်။ ဒီလို နည်းပညာတွေ ပံ့ပိုးကူညီပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။” ဟု သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ ကဆိုသည်။ (Xinhua)