Connect with us

Social, Education & Health

ရှန်ဟိုင်းက အကောက်ခွန်ဌာန အနံ့ခံခွေးအဖြစ် လမ်းဘေးခွေးကို ပထမဆုံး ငှားရမ်းအသုံးပြု

လမ်းဘေးခွေးအဖြစ်မှ အနံ့ခံခွေးအဖြစ် ပြောင်းလဲလာသော Nick အား အနံ့ခံခွေးအဖြစ် စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီမှစတင်ကာ လမ်းဘေးခွေးက အနံ့ခံခွေးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ရှန်ဟိုင်း အကောက်ခွန် အာဏာပိုင်များက ပြောခဲ့သည်။

Nick အမည်ရှိ ခွေးတစ်ကောင်သည် နိုဝင်ဘာလက လိုအပ်သော စစ်ဆေးစမ်းသပ်မှုများအားလုံး ကျော်ဖြတ်ပြီးနောက် ရှန်ဟိုင်း အကောက်ခွန်ဌာနအတွက် အနံ့ခံခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသော ပထမဆုံး လမ်းဘေးခွေးတစ်ကောင်ဖြစ်ကြောင်း အကောက်ခွန်ဌာန တာဝန်ရှိသူများက ပြောခဲ့သည်။

လမ်းဘေးခွေးအဖြစ်မှ အနံ့ခံခွေးအဖြစ် ပြောင်းလဲလာသော Nick အား အနံ့ခံခွေးအဖြစ် စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေစဉ် (ဆင်ဟွာ)

အနက်နှင့် အဖြူရောင် နားရွက်ဖားဖားနှင့် အမဲလိုက်ခွေးငယ် Nick သည် “မိုးရေများစိုရွှဲကာ ပိန်လှီ၊ ချိနဲ့ ကြမ်းတမ်းသော ခွေးတစ်ကောင်” ဖြစ်ကြောင်း ဇွန်လက Nick အား တွေ့ရှိခဲ့သူ၊ ရှန်ဟိုင်း အကောက်ခွန်ဌာနမှ ခွေးများကို လေ့ကျင့်သင်ကြားပေးသူ ချိန်ပေါင်းလင်က ပြောခဲ့သည်။ 

ပုံမှန်ဆိုလျှင် အနံ့ခံခွေးတစ်ကောင်အဖြစ် လေ့ကျင့်ရန် နှစ်နှစ် သို့မဟုတ် ယင်းထက်အချိန်ပိုကြာကြာ လေ့ကျင့်ပေးရလေ့ရှိသော်လည်း Nick မှာမူ အချိန်နှစ်လခန့်အတွင်း စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု ချိန်က ဆိုသည်။ 

အနံ့ခံခွေးများအဖြစ် အရည်အသွေးပြည့်မီရန် ညွှန်ကြားရေးများ လိုက်နာရန်နှင့် သံသယဖြစ်ဖွယ် အနံ့များ ပါဝင်သော လက်ဆွဲသေတ္တာများရှာဖွေရန်ဟူသော ခွေးများ၏ စွမ်းရည်ကို နှစ်စဉ်စစ်ဆေးစမ်းသပ်မှုများ လုပ်ဆောင်ရာ စုစုပေါင်း ခွေးကောင်ရေ ၆၀ ကို စမ်းသပ်ခဲ့ကြောင်း၊ ယင်းတို့အနက် Nick အပါအဝင် ၆၀ ရာခိုင်နှုန်းခန့်သာ စစ်ဆေးစမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း လေဆိပ်များ၊ သင်္ဘောဆိပ်ကမ်းများ၊ ရထားဘူတာများနှင့် နိုင်ငံတကာပို့စင်တာများတွင် အနံ့ခံခွေး ကောင်ရေ ၃၀ အလုပ်လုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ပထမ ၁၁ လအတွင်း အနံ့ခံခွေးများက တားမြစ်ထားသော ပစ္စည်း ၁၇,၀၀၀ ကျော် ကြားဖြတ်တားဆီးရာတွင် ကူညီပေးခဲ့ကြောင်း ရှန်ဟိုင်း အကောက်ခွန်ဌာနထံမှ သိရသည်။

ရှန်ဟိုင်း အကောက်ခွန်ဌာန ပြောခွင့်ရပုဂ္ဂိုလ်က အနံ့ခံခွေး Nick ကို အသုံးပြုခြင်းသည် လမ်းဘေးခွေးများ ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေး အားထုတ်မှုများ၌ ချဉ်းကပ်မှုတစ်ခုဖြစ်ပြီး တိရစ္ဆာန် ကာကွယ်ရေး တာဝန်များ၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.