Connect with us

MYANMAR

ပြည်ပသို့ ဆန်တန်ချိန် ၁၅၀,၀၀၀ အား မေလ၌ တင်ပို့ရန် စီစဉ်ထား 

ရန်ကုန်မြို့ရှိ ဂိုဒေါင်တစ်ခုတွင် အလုပ်လုပ်နေသော အလုပ်သမား တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ ပင်လယ်ရေကြောင်း နှင့် နယ်စပ် ကုန်သွယ်မှုများမှတဆင့် မေလတွင် ဆန်တန်ချိန် ၁၅၀,၀၀၀ အား  တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ဆန်ပြည်ပတင်ပို့ခြင်းကို ပင်လယ်ရေကြောင်းမှ တန် (၁၀၀,၀၀၀) (+/-၁၀%) နှင့် နယ်စပ်မှ တန် (၅၀၀၀၀) (+/-၁၀%) ခန့်ကို တင်ပို့ရန် အတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ညှိနှိုင်း သတ်မှတ်ထားရှိကြောင်း ၊ ထို့အပြင် အာဆီယံ နိုင်ငံ အချို့ နှင့် အိမ်နီးချင်းနိုင်ငံများအား G to G ညှိနှိုင်းရောင်းချရန်ကိုလည်း ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။

“လက်ရှိကတော့ တန်ချိန် ၁.၇ သန်းလောက် export ပို့ထားတာ ရှိတာပေါ့။ မြန်မာပြည်မှာ ပုံမှန် ဆန်တန်ချိန်၂ သန်းခွဲလောက် ပိုလျှံတာပေါ့။  နှစ်တိုင်းတော့ နှစ်သန်းခွဲလောက်ပို့ဖြစ်ပါတယ်။ ဒီနှစ်ကတော့ COVID-19 ဖြစ်သွားတော့ ဧပြီတစ်လတော့ ဆန်လိုင်စင်အသစ် ချပေးတာ ရပ်ထားပါတယ်။ အခုကတော့ မေလမှာ ပြန်ပို့မှာပေါ့။”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

 ဆန်ပြည်ပတင်ပို့မှုကို မေလ အတွက် ပင်လယ်ရေကြောင်းတွင် ကုမ္ပဏီ (၁၁၂) ခု ခန့် နှင့် နယ်စပ် တွင် ကုမ္ပဏီ (၂၀၀) ခန့် ဖြင့် သတ်မှတ်ခွဲဝေ ထားသော ပမာဏများကို တင်ပို့ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ယခု လက်ရှိအခြေအနေတွင် ဆန်စပါး စျေးကွက်သည် ပြည်တွင်း ဖူလုံမှု အပြည့် အဝ ရှိကာ လိုအပ်ပါက ရိက္ခာဖြန့်ဖြူးရေးအတွက် အရန်ဆန် ထားရှိရေးကိုပါ စီစဉ်ဆောင်ရွက်နေကြောင်း ၊ လုံလောက်ဖူလုံမှု ရှိကြောင်း ၊ နှင့် ပြည်ပတင်ပို့မှု ကိုလည်း ၂၀၂၀ မေလ မှ စတင်၍ ပုံမှန် အတိုင်း ဆောင်ရွက်ကာ၂၀၁၉-၂၀ ပြည့်နှစ်တွင် တန်ချိန် ၂ သန်းကျော် တင်ပို့ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ထို့အတူ ပြည်တွင်း/ပြည်ပ စျေးကွက် အခြေအနေ နှင့် Covid-19 အခြေအနေတို့ပေါ် တွင် မူတည်၍ ပြည်ပတင်ပို့မှု ကို နိုင်ငံတော် အစိုးရ နှင့် ညှိနှိုင်းတင်ပြ အကြံပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ လတ်တလော အခြေအနေ တွင် နွေစပါးပေါ်ချိန် ဖြစ်၍ တောင်သူလယ်သမား များ အတွက် သင့်တင့် မျှတသော စျေးနှုန်း ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် နေသကဲ့သို့ စားသုံးသူ ပြည်သူများ အတွက် COVID-19 ကာလ တွင် ဆန်စျေး သင့်တင့်မျှတစေရန် အသင်းချုပ်၊ ညီနောင်အသင်းများနှင့်ကုန်စည် ဒိုင်များ၊ ဆန်စပါးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်တွင်းစျေးကွက်သည် ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကျော် ဖြစ်ပြီး ပြည်ပ တင်ပို့မှုသည် ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းကျော် ဖြစ်သဖြင့် ပြည်တွင်း/ပြည်ပ စျေးကွက် နှစ်ခုစလုံး အတွက် ချင့်ချိန်သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။ (Xinhua)