Connect with us

MYANMAR

ရန်ကုန် နှင့် မန္တလေးတိုင်းဒေသကြီးရှိ လမ်းပေါ်နေကလေးများအား COVID-19 ကာလအတွင်း ထောက်ပံ့မှုများ ပေးအပ်

COVID-19 ကပ်ရောဂါ ကာလအတွင်းရန်ကုန်မြို့ လမ်းပေါ်နေသော၊အလုပ်လုပ်ကိုင်နေသောကလေးများနှင့် မိသားစုများအားကူညီစောင့်ရှောက်မှုပေးရန် သတင်းအချက်အလက်များကောက်ယူနေစဉ်(ဓာတ်ပုံ- Department of Rehabilitation)

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးရှိ လမ်းပေါ်နေ ကလေးများအတွက် COVID-19 ကပ်ရောဂါ အန္တရာယ်မှ လမ်းပေါ်နေ ကလေးများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက်ဖြင့် COVID-19 ကာလအတွင်း ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး ကရင်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီးများတွင် ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ထိခိုက်လွယ်အုပ်စုများ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရ က ဆင်ဟွာသို့ ယနေ့တွင် ပြောကြားခဲ့သည်။

“အဓိကတော့ risk များတဲ့ ဒေသတွေပေါ့နော်။ ဆက်လက်ပြီးလည်း ကရင်ပြည်နယ် ဘားအံနဲ့ မြဝတီ မြို့နယ်တို့မှာ ဆက်လက်ဆောင်ရွက်ဖို့တော့ စီစဉ်ထားပါတယ်။ အဲဒါ လုပ်ငန်းစီမံချက် ရေးထားတယ်။ ပြည်ထောင်စု ဝန်ကြီးကို တင်ပြပြီး ဒါကို ဆက်ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။ နောက်ပြီး ပဲခူးတိုင်းဒေသကြီး ပဲခူး ၊ တောင်ငူတို့မှာ ဆက်ပြီးတော့ ဆောင်ရွက်ဖို့ ရှိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ကပ်ရောဂါ အန္တရာယ်မှ လမ်းပေါ်နေ ကလေးများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက် ရေးဆွဲကာ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၆ မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန် ၆ ရက်မှ ၁၂ ရက်အထိ ပထမအကြိမ် လမ်းပေါ်နေ ကလေး ၁၀၀ ဦးကို ၎င်းတို့၏ မိသားစုများ အပါအဝင် အခြေခံစားသောက်ကုန် ၁၄ မျိုး ထောက်ပံ့ခဲ့ပြီး ဒုတိယအကြိမ် ဇွန် ၂၆ ရက်မှ ဇူလိုင် ၉ ရက်အထိ လမ်းပေါ်နေ ကလေး ၁၆၅ ဦးကို ထပ်မံထောက်ပံ့ခဲ့ကြောင်း ၊ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၆ မြို့နယ်၌ လမ်းပေါ်နေ ကလေး ရှိသော အိမ်ထောင်စု ၂၀၀ အား အခြေခံစားသောက်ကုန် ၁၄ မျိုး ထောက်ပံ့ပေးခဲ့ကြောင်း ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရ က ဆက်လက် ပြောကြားခဲ့သည်။

“အဓိကတော့ COVID-19 ဖြစ်တဲ့အချိန် လမ်းပေါ်နေတဲ့ ကလေးတွေ ၊ နောက်ပြီး သူတို့ မိသားစုတွေဆိုရင် စားရေးသောက်ရေး ၊ အခြေခံလိုအပ်ချက်တွေဆို အများကြီး လိုအပ်တာပေါ့။ အဲဒါတွေကို ဒီလိုမျိုး ထောက်ပံ့ပေးတဲ့အတွက် သူတို့ စားဝတ်နေရေးကို ပြေလည်စေတယ်။ အထူးသဖြင့် သူတို့ ကလေးတွေ အပေါ် ခေါင်းပုံဖြတ်မှုတွေ ၊ အကြမ်းဖက်မှုတွေ အဲဒါတွေလည်း လျော့နည်းစေတာပေါ့။ ကျွန်တော်တို့ ထောက်ပံ့ ပေးလိုက်တဲ့ အတွက်ပေါ့။ မိသားစုမှာ ဖြစ်နေတဲ့ ၊ ကလေးတွေမှာ ဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းသွားစေတာပေါ့။ ဒါအပြင် COVID-19 ကပ်ရောဂါ ကာလအတွင်းမှာ ဒီရောဂါကို ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကိုလည်း သိရှိလာတာပေါ့။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

လက်ရှိတွင် COVID-19 ကပ်ရောဂါ အန္တရာယ်မှ လမ်းပေါ်နေ ကလေးများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း စီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းပေါ်နေကလေး ရှိသည့် အိမ်ထောင်စု ၄၂၆ စုကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)