Connect with us

MYANMAR

COVID-19 ပိုးတွေ့ရှိနှုန်း ၂ ရာခိုင်နှုန်းကျော် ငါးရက်ဆက်တိုက်ရှိလာ

ရန်ကုန်မြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 နေ့စဉ်စမ်းသပ်တွေ့ရှိရမှုနှုန်းမှာ ငါးရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် လူနာသစ် ၄၄၈ ဦး ၊ ပိုးတွေ့ရှိမှု ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၄၅၇ ဦး ရှိပြီး သေဆုံးလူနာ ၁၃ ဦး ရှိခဲ့ကာ ယင်းသေဆုံးသူများသည် ရောဂါအခံရှိသူများ ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “သေဆုံးမှုက ဆေးရုံရောက်တဲ့ သုံးပုံတစ်ပုံက အရောက်နောက်ကျပြီးမှ ရောက်လာတယ်။ သေဆုံးတဲ့သူတွေရဲ့ ၉၂ ရာခိုင်နှုန်းလောက်က သွေးတိုး ၊ နှလုံး ၊ ဆီးချို ရောဂါအခံ ရှိတဲ့သူတွေ ဖြစ်တယ်။ အဲဒီအခါကြတော့ ဆေးရုံကို စောစောစီးစီး ရောက်ဖို့ လိုတယ်။ အဲဒါ နံပါတ်တစ် အရေးအကြီးဆုံး အချက်ပဲ ။”ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

COVID-19 ရောဂါကူးစက်ခြင်းခံရခြင်းကြောင့် သေဆုံးသူများအနက် (၉၂) ရာခိုင်နှုန်းခန့် သည် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာစသည့် နာတာရှည် ရောဂါအခံ ရှိသူများ ဖြစ်သည်ကို တွေ့ရှိရကြောင်း ၊ ရောဂါကူးစက်ခံရခြင်းကြောင့် သေဆုံးသူများအနက် သေဆုံးပြီးမှ ဆေးရုံရောက်လာသူ (၁၀) ရာခိုင်နှုန်းရှိပြီး ဆေးရုံသို့ရောက်ပြီး (၂၄) နာရီအတွင်း သေဆုံးသူ (၂၁) ရာခိုင်နှုန်း ရှိသည့်အတွက် သေဆုံးသူများ၏ (၃၁) ရာခိုင်နှုန်းမှာ ဆေးရုံသို့ အချိန်မီရောက်ရှိခြင်း မရှိသည်ကို တွေ့ရကြောင်း ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၁၈ ရက်အထိ COVID-19 ပိုးတွေ့ရှိသူ (၁၃၄,၇၉၅)ဦးအနက် (၆၃) ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသဘဲ သာမန်အတိုင်း နေကောင်းကျန်းမာစွာ တွေ့ရှိခဲ့ရသဖြင့် အမြင်အားဖြင့် မည်သူ့ထံတွင် ရောဂါပိုးရှိသည်ကိုမသိနိုင်ကြောင်း ၊ ရောဂါရှိသူများကလည်း မိမိထံတွင် ရောဂါရှိနေသည်ကို မသိရှိနိုင်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ထုတ်ပြန်ထားသည်။

ယခုအခါ ဇန်နဝါရီ ၁၉ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၃၅,၂၄၃ ဦး ရှိသည့်အနက် ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၁၈,၆၅၇ ဦး ရှိလာခဲ့ပြီး သေဆုံးလူနာပေါင်း ၂,၉၈၆ ဦး ရှိလာခဲ့ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်(Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစု စီမံချက်အတိုင်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်း နှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှာသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)