Connect with us

MYANMAR

မြန်မာနိုင်ငံတွင်  COVID-19 ရောဂါနှင့် ပတ်သက်ပြီး  စောင့်ကြည့်လူနာနှင့် သံသယလူနာ ၃ ဦးသေဆုံး၊ လတ်တလော အဖြေအရ သေဆုံးသူများထဲမှ တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းမဟုတ်ဟု ထုတ်ပြန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအဖြစ် masks များတပ်ဆင်သွားလာနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်  COVID-19 ရောဂါနှင့် ပတ်သက်ပြီး စောင့်ကြည့်လူနာ ၂ ဦးနှင့် သံသယလူနာ ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးပြီး သေဆုံးသူများအား ဓာတ်ခွဲနမူနာအဖြေများရရှိရန် ဆောင်ရွက်ထားမှုအရ သေဆုံးသူများထဲမှ တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း ယနေ့ညတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျန်သေဆုံးသူ နှစ်ဦး၏ ဓာတ်ခွဲနမူနာအဖြေများကိုလည်း စောင့်ဆိုင်းနေပြီး သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ သုံးဦးသည် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ COVID-19 ရောဂါနှင့်ပတ်သက်ပြီး စောင့်ကြည့်လူနာ ၂ ဦးနှင့် သံသယလူနာ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသည့် မဟာအောင်မြေမြို့နယ်မှ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးသည် ရောဂါပိုမိုဆိုးဝါးလာကာ မတ်လ ၆ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ပြီး ယင်းအမျိုးသမီး၌ နာတာရှည်နှလုံးရောဂါနှင့် ဆီးချိုရောဂါများ ရှိနေကြောင်း ကနဦးသုံးသပ်ချက်အရ သေဆုံးရသည့် အကြောင်းရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် သေချာစွာကုသမှုမရှိသည့် နှလုံးရောဂါ၊ ဆီးချိုရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး ၎င်းလူနာ၏ ဓာတ်ခွဲအဖြေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်း မဟုတ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားသည် ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ ဖျားခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးသွေးပါခြင်းတို့ကြောင့် ပြင်ပဆေးရုံတစ်ခုတွင် ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၅ ရက်နေ့အထိ ကုသမှု ခံယူခဲ့ပြီး မတ်လ ၆ ရက် မွန်းတည့်ချိန်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ညနေ လေးနာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း၊၎င်းထံမှ ဓာတ်ခွဲနမူနာရယူထားမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေး နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် အမျိုးသားသည် မတ်လ ၅ ရက်နေ့က ရွှေလီမြို့မှ မန္တလေးမြို့သို့ သွားရောက်စဉ် လားရှိုးမြို့သို့အရောက် အသက်ရှုကြပ်ကာ မောလာသဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း၊ယင်းလူနာသည် လွန်ခဲ့သည့် ငါးလခန့်မှစ၍ ဆီးချိုရောဂါ ခံစားနေရပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများကို လွန်ခဲ့သည့်ရက်ပေါင်း ၄၀ ခန့်ကစ၍ ခံစားနေရသဖြင့် ၎င်းကို သံသယလူနာအဖြစ် သတ်မှတ်ကာ သီးခြားထား၍ ကုသပေးခဲ့ပြီး ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ လူနာသည်  မတ်လ ၅ ရက်နေ့ ည ဆယ်နာရီခန့်တွင် နှလုံးကြီးခြင်း၊ နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း၊ သေချာစွာ ကုသမှုမရရှိထားသော ဆီးချိုရောဂါနှင့် အဆုတ်ရောင်ခြင်းတို့ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပြန်ရောက်လာသည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည်လည်း ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားနေရသဖြင့် မတ်လ ၅ ရက်နေ့တွင် နေပြည်တော် ကုတင်တစ်ထောင်၌ စောင့်ကြည့်လူနာအဖြစ်ခံယူနေရကြောင်းနှင့် ချင်းပြည်နယ် ဟားခါးမြို့တွင်နေထိုင်သူ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မတ်လ ၆ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လေဆိပ် ကျန်းမာရေး ဌာနတွင် စစ်ဆေးမှုအရ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့် လက္ခဏာများတွေ့ရသဖြင့် ရန်ကုန် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ကာ စောင့်ကြည့်လူနာအဖြစ် ကုသမှု ခံယူပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးနေကြောင်း သိရသည်။

အလားတူ မှော်ဘီမြို့နယ်တွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်းတို့ကြောင့် မတ်လ ၄ ရက်နေ့တွင် အင်းစိန်ဆေးရုံသို့ လာရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်ပြီး သီးခြားကုသမှုပေးလျှက်ရှိကြောင်း သိရသည်။

ကန်ပိုင်တီး တိုက်နယ်ပြည်သူ့ဆေးရုံမှ အသက်(၂၈)နှစ်အရွယ် အမျိုးသား တစ်ဦး၊မူဆယ်ပြည်သူ့ ဆေးရုံမှ အသက် (၂၇) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး၊နေပြည်တော်၊ ခုတင် (၁,၀၀၀) ဆံ့ပြည်သူ့ဆေးရုံ ကြီးမှ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှ အသက် (၆၈) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးကြီးတစ်ဦး(သေဆုံး) စုစုပေါင်း (၄) ဦးတို့တွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရကြောင်း၊ ကျန် စောင့်ကြည့်လူနာများနှင့် သေဆုံးလူနာ ၂ဦး၏ ဓာတ်ခွဲအဖြေသတင်းများ ထပ်မံရရှိပါက အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။  (Xinhua)