Connect with us

MYANMAR

COVID-19 အတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာအချို့အား စစ်ဆေးရာ ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်မဟုတ်ဟု ထုတ်ပြန်

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာအချို့အား စစ်ဆေးရာ ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၃၀ ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယခုတွေ့ရှိရသော မျိုးဗီဇပြောင်းလဲမှုများသည် ယူကေနိုင်ငံနှင့်ကမ္ဘာ့နိုင်ငံအချို့တွင် တွေ့ရှိရသည့် ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ် VUI202012/01 (Lineage: B.1.1.7)နှင့် 501.V2 မဟုတ် (မဟုတ်) သည်ကို တွေ့ရှိကြောင်း၊ အဆိုပါတွေ့ရှိမှုရလဒ်ကို နိုင်ငံတကာ အသိအမှတ်ပြု (US NCBI/ NIH) database တွင် တင်သွင်းကာ အတည်ပြုစိစစ်မှု ခံယူခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပိုးဗီဇအမျိုးအစား GH strain (D614G+Q57H ဗီဇပြောင်းလဲခြင်း)၊ မျိုးဗီဇနွယ် (Lineage: B.1.36) နှင့်ပတ်သက်ပြီး အသေးစိတ် ဆက်လက်လေ့လာလျက်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံအတွင်း လတ်တလောကူးစက်ပျံ့နှံ့နေသည့် SARS-CoV-2 ဗိုင်းရပ်စ်များတွင် အဆိုပါ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲအသစ်များ ဝင်ရောက်ခြင်းရှိ/မရှိနှင့် ပြည်တွင်းတွင်လည်း အခြားသော မျိုးဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်း ရှိ/မရှိ တို့ကို သိရှိရန်အတွက် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန (မန္တလေး) မှ ပေးပို့လာသည့် COVID-19 အတည်ပြုဓာတ်ခွဲနမူနာ (၁၁)ခုနှင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ COVID-19 အတည်ပြုဓာတ်ခွဲနမူနာ (၁၁)ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ (၂၂)ခုတို့မှ ဗိုင်းရပ်စ်မျိုးဗီဇ တစ်ခုလုံးစစ်ဆေးမှုများ (Whole Genome Sequencing) ကို (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ၊ စတုတ္တပတ်အတွင်း ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့်မော်လီကျူးသုတေသနဌာန၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုအကြိမ် စစ်ဆေးခဲ့သောဓာတ်ခွဲနမူနာ (၂၂)ခုစလုံးကို မျိုးဗီဇနွယ်(Lineage) စစ်ဆေးခြင်း၊ မျိုးဗီဇဆင်တူညီမှု (genetic clade) စစ်ဆေးခြင်းနှင့် ဗီဇပြောင်းလဲမှုများကို စစ်ဆေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုစစ်ဆေးခဲ့သည့် မျိုးဗီဇစစ်ဆေးလေ့လာချက်အရ SARS-CoV-2 ရောဂါပိုးသည် ယခုနှစ်၊ ဩဂုတ်လနှောင်းပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စတင်ပျံ့နှံ့ခဲ့သည့် ကူးစက်မြန်အမျိုးအစား (D614G) နှင့် မျိုးဗီဇနွယ်ဆိုင်ရာအချက်အလက်များ တူညီကြောင်းနှင့် အခြားသော မျိုးဗီဇပြောင်းလဲမှု အချို့ပါ ယှဉ်တွဲလျက်တွေ့ရှိကြောင်း၊ယခုတွေ့ရှိရသော ပိုးဗီဇအမျိုးအစားသည် GH strain (D614G+Q57H ဗီဇပြောင်းလဲခြင်း) ဖြစ်ပြီး၊ မျိုးဗီဇနွယ် (Lineage: B.1.36) ဖြစ်ကြောင်း ဖြည့်စွက် ဖော်ပြထားသည်။

ယူကေနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် COVID-19 စစ်ဆေးတွေ့ရှိသော ဓာတ်ခွဲနမူနာများ၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားနိုင်သော မျိုးဗီဇပြောင်းလဲမှုရှိသည့် SARS-CoV-2 ဗိုင်းရပ်စ် မျိုးကွဲသစ် VUI202012/01(Lineage: B.1.1.7) နှင့် 501.V2 တို့ကို တွေ့ရှိရကြောင်း သက်ဆိုင်ရာနိုင်ငံများမှ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.