Connect with us

MYANMAR

COVID-19 ဂယက်ကြောင့် အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းများ မထိခိုက်နိုင်ဟု ဆို

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၉ ရက်(ဆင်ဟွာ)

COVID-19 ဂယက်ကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းများကို မထိခိုက်နိုင်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလားဟု စိုးရိမ်စရာ မလိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ နေ့လယ် သတင်းစာ ရှင်းပွဲတွင် မီဒီယာသို့ဖြေကြားခဲ့သည်။၎င်းက “ဒီရောဂါက ရွေးကောက်ပွဲလုပ်ငန်းတွေကို ဘယ်လိုမှ ရိုက်ခတ်မှု မရှိနိုင်ဘူးလို့ ယုံကြည်ထား ပါတယ်၊ ဒါပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ ့ဆိုတော့ – မိုးမပြိုဘူး- ပြိုခဲ့သော် ဆိုပြီး လုပ်သင့် လုပ်ထိုက်တာတွေကို ကြိုတင် ဆောင်ရွက်ထားတာတွေ ရှိပါတယ်” ဟု လည်း ပြောကြားခဲ့သည်။

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မကြေညာသေးသည့် အပေါ် လူ တချို့က ဝေဖန် ပြောဆိုမှုများ ရှိနေကြောင်း၊ ၂၀၁၀ တုန်းက နိုဝင်ဘာလ ၇ ရက်၊ ၂၀၁၅ မှာ နိုဝင်ဘာ လ ၈ ရက် ကျင်းပခဲ့ပြီး ၂၀၁၀ ခုနှစ် ကျင်းပမည့်ရက်ကို သြဂုတ်လ ၁၃ ရက်မှာ ကြေညာခဲ့သည့် အတွက်  ရွေးကောက်ပွဲ မကျင်းပခင် နှစ်လနှင့် ၂၄ ရက်အလိုမှာ ကြေညာခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအား ရွေးကောက်ပွဲမတိုင်မီ လေးလ အလို ၂၀၁၅ ဇူလိုင်လ ၈ ရက်မှာ ကြေညာခဲ့ကြောင်း၊ ရွေးကော်ပွဲကော်မရှင်အနေဖြင့် ယခင် လုပ်ထုံး လုပ်နည်းများအတိုင်း လိုက်နာ သွားမည် ဖြစ်ရာ သင့်တော်သည့် အချိန်၌ ကြေညာပေးမှာ ဖြစ်ကြောင်း၊ ဆောင်ရွက်သင့်သည် အားလုံးကို ယခင်က သာဓကများကို ကြည့်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန၏ ပူးပေါင်း ဆောင်ရွက်မှုမှာ အလွန်အရေးကြီး ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် နိုင်ငံရေး ပါတီများ၏ သဘောထား ကြေညာ ချက်များကို ရေဒီယို၊ ရုပ်သံနှင့် သတင်းစာများတွင် ဖော်ပြခြင်းများအပြင် မဲလက်မှတ် ရိုက်နှိပ်ခြင်း များကိုပါ ဆောင်ရွက်ရကြောင်း၊ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်ကို အဖြူရောင် စက္ကူသား အကောင်းဖြင့် ရိုက်နှိပ်ရန် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း၊ ပါတီများ၏ logo နှင့် အမည်များတွင် အရောင်စုံလင်စွာ ပါလာသောကြောင့် ထင်ရှားစေရန် ဖြစ်ကြောင်း၊ ၂၀၁၅ ရွေး ကောက် ပွဲ၌ အဝါရောင် မဲလက်မှတ်ကို သုံးခဲ့သဖြင့် ပါတီ logo အရောင်များနှင့် ရောနေပြီး logo များ မထင်မရှား ဖြစ်ခဲ့သောကြောင့် အဖြူရောင်ကို ရွေးထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပုံမှန် သတင်းစာ ရှင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

လက်ရှိ နိုင်ငံရေး ပါတီအရေအတွက်နှင့် အခြေခံ မဲစာရင်းများအပေါ် ၎င်းက “ ၉၈ ပါတီ ရှိရာမှာ ယာယီရပ်ဆိုင်းထားတာက သုံးပါတီ ဆိုတော့ ၉၅ ပါတီ ကျန်ပါတယ်၊ စိစစ်ဆဲ တစ်ပါတီ၊ လျှောက်လွှာ တင်တာ သုံးပါတီ ရှိပါတယ်။ အဲဒီ လေးပါတီကို အတည်ပြုပြီးရင် အားလုံး ၉၉ ပါတီ ဖြစ်လာပါမယ်၊ အခြေခံ မဲစာရင်းအရေအတွက်ကတော့ အခု မတ်လ ၃ ရက်နေ့အထိ ၃၇ သန်းကျော် ရှိပါတယ်၊ တပ်မဲတွေနဲ့ ပြည်ပ မဲတွေ မပါသေးပါဘူး၊  ပြည်ပရောက် မြန်မာနိုင်ငံသားမဲက ၂၀၁၅ ရွေးကောက် ပွဲမှာ ၃၀၁၅၂ ဦးရှိခဲ့ပြီး အခု သံရုံးတစ်ရုံး ထပ်တိုးလာတဲ့အတွက် ၂၀၂၀ မှာ ပြည်ပမဲ အရေအတွက် ပိုလာနိုင်ပါတယ်” ဟု ဖြေကြားခဲ့သည်။ထို့အပြင် ၎င်းက တိုက်ပွဲရှောင် ဒေသများသို့ ရောက်ရှိနေသည့် နိုင်ငံသား အားလုံး မဲပေးနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ မဲစာရင်းမှာ ၁၆ သိန်းကျော် ရှိကြောင်း လည်း ဖြေကြားခဲ့သည်။(Xinhua)