Connect with us

MYANMAR

COVID-19 ရောဂါထိန်းချုပ်ရေးတွင် ပုဂ္ဂလိက ဆေးရုံ ၊ ဆေးခန်းများ ပိုမို ပါနိုင်ရန် အစီအစဉ်များ လုပ်နေဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

COVID-19 ရောဂါထိန်းချုပ်ရေးတွင် ပုဂ္ဂလိက ဆေးရုံ ၊ ဆေးခန်းများ ပိုမို ပါနိုင်ရန် အစီအစဉ်များ လုပ်နေကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အောက်တိုဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် “ဒီအချိန်မှာဆိုရင် ပုဂ္ဂလိကဆေးခန်းတွေ၊ ပုဂ္ဂလိက ဆေးရုံတွေ ပိုမိုပြီးတော့ COVID-19 ရောဂါ ထိန်းချုပ်ရေးထဲမှာ ပါနိုင်အောင်လို့လည်း ကျွန်မတို့ အစီအစဉ်တွေ လုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ဘာသာကိုယ် ရွေးချယ်ပိုင်ခွင့် ရှိအောင်လို့ပါ။ ပုဂ္ဂလိကဆေးခန်းတွေကို သွားချင်တယ်၊ ပုဂ္ဂလိကဆေးရုံတွေကို တက်ချင်တယ် ဆိုရင် COVID-19 ကြောင့်ပဲဖြစ်ဖြစ်၊ ရှိပြီးသား အခံရောဂါတွေ၊ တခြားရောဂါတွေကြောင့်ပဲဖြစ်ဖြစ် တက်နိုင်အောင်လို့၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အရ ရွေးချယ်နိုင်အောင်လို့ပါ။ ဒီလို ရွေးချယ်တဲ့ နေရာမှာလည်း ရွေးချယ်ပြီးတော့သွားတဲ့ ပြည်သူတွေအတွက်ရော၊ ဆေးရုံအတွက်ရော၊ အများပြည်သူအတွက်ရော လုံလုံခြုံခြုံဖြစ်အောင်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်းတွေ ချပြီးတော့ ပုဂ္ဂလိကဆေးခန်းတွေ၊ ဆေးရုံတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်နေပါတယ်။ ဒီဟာက ပြည်သူတွေအနေနဲ့ ရွေးချယ်ချင်သလို ရွေးချယ်နိုင်တဲ့အပြင် နိုင်ငံတော်ရဲ့ ဆေးရုံတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး နည်းနည်းလျော့သွားနိုင်တယ်။ အဲဒါကလည်း ကိုဗစ်ကို ရင်ဆိုင်တဲ့နေရာမှာ အထောက်အကူဖြစ်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ရွေးကောက်ပွဲ နှင့် ပတ်သက်၍လည်း ပြင်ဆင်သင့်သည်များ အားလုံး ပြင်ဆင်ထားပြီး ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။”တရုတ်နိုင်ငံကနေ ရွေးကောက်ပွဲအတွက် လိုအပ်မယ့် ကျန်းမာရေး အကာ အကွယ် ပစ္စည်းတွေကို ရွေးကောက်ပွဲအမီရောက်ဖို့ စီစဉ်ထားတာတွေလည်း အစီအစဉ်အရ နေ့တိုင်းနေ့တိုင်းကို လေကြောင်းခရီးနဲ့ ရောက်လာပါတယ်။ တစ်တိုင်းပြည်လုံးကို လိုအပ်တဲ့ နေရာတွေကို ပြည့်ပြည့်စုံစုံ ဖြန့်ချိပေးဖို့လည်း စီစဉ်ထားပြီးဖြစ်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ရင် တစ်ခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်လို လုပ်သလဲဆိုတာ လေ့လာထားပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ” ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ စိတ်လုံလုံခြုံခြုံနဲ့ မဲသွားပေးဖို့ အခြေအနေတွေ ရှိပါတယ်လို့ ကျွန်မ အနေနဲ့ ပြောချင်ပါတယ်။ မဲပေးဖို့လည်း တိုက်တွန်းပါတယ်။”ဟု ပြောကြားခဲ့သည်။ထို့ပြင် သီတင်းကျွတ် နီးလာပြီ ဖြစ်၍ သီတင်းကျွတ်အတွက် အစီအစဉ်များ လုပ်သည့်အခါတွင် လူစုလူဝေး မဖြစ်သည့် အစီအစဉ်များသာ လုပ်ရန် သတိပေးချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။ယခုအခါ မြန်မာနိုင်ငံ၌ စုစုပေါင်း ဓာတ်ခွဲနမူနာ ၆၁၈,၂၄၃ ခု စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြု လူနာပေါင်း ၄၆,၂၀၀ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၂၆,၀၀၇ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၁၂၂ ဦး ရှိလာကြောင်း သိရသည်။ (Xinhua)