Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ နှစ်ရက်ဆက်တိုက် ၂ရာခိုင်နှုန်းကျော်သာရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ပြီး ဈေးရောင်းချနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ နှစ်ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းကျော်သာရှိကြောင်း ယနေ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ ပိုးတွေ့ရှိမှုရာခိုင်နှုန်းသည် ၃ရာခိုက်နှုန်း ကျော်ရှိခဲ့ရာမှ ဇန်နဝါရီ ၁၂ ရက်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ယနေ့ ၂ဒသမ ၉ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယနေ့ (ဇန်နဝါရီ ၁၃ ရက်)ထိ COVID-19 ရောဂါဖြစ်ပွားသူ ၁၃၂,၂၆၀ ဦးရှိပြီး သေဆုံးသူ ၂,၉၀၂ ဦး ထိ တိုးလာကြောင်း သိရသည်။

လွန်ခဲ့သော၂၄နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၅၆၀ဦး စစ်ဆေးတွေ့ရှိပြီး သေဆုံးလူနာ ၂၄ဦး ရှိကြောင်း ၊ လက်ရှိအချိန်ထိ ရောဂါပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၁၁၅,၆၂၁ ဦးရှိကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၆၃ ရာခိုင်နှုန်း မှ ၈၅ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိသောကြောင့် မိမိပတ်ဝန်းကျင်တွင် ရောဂါရှိသူများ ရှိနေနိုင်ပြီး မည်သူထံတွင် ရောဂါရှိသည်ကို အမြင်အားဖြင့် မသိရှိနိုင်ကြောင်း ၊ သို့ဖြစ်၍ COVID-19 ကာကွယ်ရေးနည်းလမ်းများကို မိသားစုဝင်အချင်းချင်း ၊ မိတ်ဆွေအချင်းချင်း ၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်း အသိပေးခြင်း နှင့် သတိပေးခြင်းများကို အမြဲတမ်း ပြုလုပ်ကြရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှု များပြားနေဆဲ ဖြစ်ပြီး ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် ထိန်းချုပ်ထားနိုင်ခဲ့သည့် နိုင်ငံအချို့တွင်လည်း ကူးစက်ဖြစ်ပွားမှုများ ပြန်လည်များပြားလာနေသည်ကို တွေ့ရှိနေရကြောင်း ၊ မြန်မာနိုင်ငံ၌ ထိုသို့ မဖြစ်ရေး အထူးဂရုစိုက်ရန် လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ထုတ်ပြန်ထားသည်။ (Xinhua)