Connect with us

MYANMAR

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ယွမ်ငွေ ၂၅၀,၀၀၀ တန်ဖိုးရှိ ဆေးပစ္စည်းများ ပထမအသုတ် ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ချန်းဟိုင်က ဆေးပစ္စည်းများအား ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်စဉ်(ဓာတ်ပုံ - MOHS)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆက်လက်ပေးအပ်မည့် ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ ပစ္စည်းများအနက် ပထမအသုတ် ဖြစ်သည့် ယွမ်ငွေ ၂၅၀,၀၀၀ တန်ဖိုးရှိ ဆေးပစ္စည်းများအား ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ချန်းဟိုင်က ယနေ့ပေးအပ်လှူဒါန်းသည့် ဆေးပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရိ၏ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်တွင် အထူးလေယာဉ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရိသည် မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးပြီးနောက် ပထမဆုံးအဖြစ်ရောက်ရှိလာသည့် နိုင်ငံခြားရေးဝန်ကြီးဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို လေးစားပြီး၊ “တစ်လှေတည်းစီး၊ တစ်ရေတည်းသောက်၊ အေးအတူပူအမျှအသိုက်အဝန်း” အဖြစ်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ချန်းဟိုင်က လှူဒါန်းရသည့် အကြောင်းအရင်းများ ရှင်းလင်းပြောကြားစဉ်(ဓာတ်ပုံ – MOHS)

သံအမတ်ကြီး ချန်းဟိုင်က COVID-19 ကပ်ရောဂါဖြစ်စဉ်တွင်လည်း မြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အကူအညီများ ပေးအပ်ခဲ့သကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ကျန်းမာရေးပညာရှင်အဖွဲ့များ စေလွှတ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများပံ့ပိုးပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာ-တရုတ် လုပ်ငန်းအသီးသီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် အေးအတူပူမျှနေထိုင်ရေးတို့ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကလည်း မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ရေး၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် တွန်းအားပေးရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ကူညီဆောင်ရွက်ရေးတို့ကို အရေးကြီးသတ်မှတ် သဘောထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားစဉ်(ဓာတ်ပုံ – MOHS)

မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံက စဉ်ဆက်မပြတ်ကူညီလျက်ရှိရာ COVID-19 ကာကွယ်ဆေး (၃) သိန်း ကိုလည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နီးကပ်စွာဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) တည်ဆောက်ရေးလုပ်ငန်းကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီပေးလျက်ရှိကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သံအမတ်ကြီး ချန်းဟိုင်က ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည် ပေးအပ်စဉ်(ဓာတ်ပုံ – MOHS)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းမှုတွင် ယွမ်ငွေ ၂၅၀,၀၀၀ တန်ဖိုးရှိ ပါးစပ်နှင့်နှာခေါင်းစည်း (mask) ခုရေ (၁) သိန်း၊ KN95 mask ခုရေ (၃)သောင်းနှင့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (၂) ထောင်တို့ ပါဝင်ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားရာတွင် မိမိအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ ကဏ္ဍများစွာတွင် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူပေါင်းဆောင်ရွက်နေမှုများနှင့် ယခုကဲ့သို့ လှူဒါန်းမှုများနှင့် ကူညီပံ့ပိုးပေးမှုများ အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နိုင်ငံသားများကို ကျေးဇူးတင်ရှိကြောင်း၊ ယခုကဲ့သို့ လှူဒါန်းပေးအပ်မှုကြောင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာ အကျိုးရှိမည်ဖြစ်ကြောင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍအတွက် နယ်စပ်ဒေသကျန်းမာရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနပူးပေါင်းဆောင်ရွက်မှုများ၊ ရာသီတုပ်ကွေး (H1N1) ကူးစက်မှုဖြစ်စဉ်တွင် ပံ့ပိုးခဲ့မှုများ၊ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးနှင့် အသည်းရောင်အသားဝါ-ဘီ ရောဂါကာကွယ်ဆေးများ ပေးအပ်မှုများ အပါအဝင် ပံ့ပိုးမှုများစွာပြုလုပ်ခဲ့သောကြောင့် မြန်မာနိုင်ငံ ပြည်သူများအတွက် အကျိုးများစွာ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသော ဆေးပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ – MOHS)

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 ဖြစ်စဉ်တွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ကာ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး အတွေ့အကြုံများ ဝေမျှခြင်း၊ COVID-19 ဓာတ်ခွဲစစ်ဆေးမှုအတွက် သင်တန်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်နေသည့် မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) သည်လည်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း၊ အဆိုပါ ဗဟိုဌာနကြီးပြီးစီးပြီးနောက် ပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် သုတေသနပညာရှင် များစွာကို လေ့ကျင့်သင်တန်းများပေးအပ်နိုင်ကာ ဗဟိုဌာနတွင် ပါဝင်သည့် ဇီဝလုံခြုံမှု အဆင့်မြင့် ဓာတ်ခွဲခန်းများဖြင့် အဆင့်မြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ၊ အလားတူ အဆင့်မြင့်သုတေသနများကိုလည်း လုပ်ဆောင်သွားနိုင်မည်ဖြစ်သဖြင့် အဆိုပါ ဗဟိုဌာနကြီးသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပြယုဂ်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဆက်လက်ပေးအပ်မည့် ယွမ်ငွေ (၃) သန်းတန်ဖိုးရှိ ပစ္စည်းများကို အသုတ်လိုက် ပေးပို့သွားမည်ကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိစွာဖြင့် လုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ချန်းဟိုင်က ဆေးပစ္စည်းများအား ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117