Connect with us

MYANMAR

COVID-19 ရောဂါပိုး ရှိသူ တစ်ဦး ထပ်တိုး ၊ အတည်ပြုလူနာ ၂၁ ဦးထိ ရှိလာ 

ရန်ကုန်မြို့တွင်း နှာခေါင်းစည်း တပ်ဆင် သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၄ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက် ၂၁ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ 

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-21) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီး (၁) ဦးဖြစ်ပြီး မိခင်နှင့် မောင်တော်စပ်သူတို့နှင့်အတူ မတ် ၂၄ ရက်တွင် အမေရိကန်နိုင်ငံမှ ကိုရီးယား သမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့်ထွက်ခွာခဲ့ကာ ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ မတ် ၂၅ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း ၊ ထိုင်းနိုင်ငံမှတစ်ဆင့် မတ် ၂၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ရာ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်ရန် ညွှန်းပို့ခဲ့ကြောင်း သိရသည်။ 

အဆိုပါလူနာသည် ဧပြီ ၂ ရက်မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ယင်း‌နေ့တွင်ပင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ ထပ်မံညွှန်းပို့ခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ပြောင်းရွှေ့ရန် စီစဉ်လျက် ရှိပြီး လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၂၀) ဦးအနက် စုစုပေါင်း (၁၈) ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။ 

ယခုအခါ မတ် ၂၃ ရက်မှ ဧပြီ ၄ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁ ဦး တွေ့ရှိလာရပြီဖြစ်ကြောင်း သိရသည်။ (Xinhua)